ပုဂံညောင်ဦး အရှေ့ကန်ပေါက်ကျေးရွာတွင် မီးလောင်မှုဖြစ်ပွား၊ နေအိမ်(၃)လုံး မီးလောင်ဆုံးရှုံး

ပုဂံညောင်ဦး အရှေ့ကန်ပေါက်ကျေးရွာတွင် မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွား၊ နေအိမ်(၃)လုံး မီးလောင်ဆုံးရှုံး
ညောင်ဦး ဧပြီ ၁၆

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် ပုဂံမြို့နယ် မြေမီးသတ်စခန်းနှင့် (၅)မိုင်ခန့်အကွာရှိ ပုဂံမြို့သစ် ဖွားစောကျေးရွာအုပ်စု အရှေ့ကန်ပေါက်ကျေးရွာတွင် ယနေ့နံနက် ၁၁ နာရီ ၁၅ မိနစ်အချိန်က ဒေါ်အေးဝင်း၏ နေအိမ်မီးဖိုချောင် မီးဖို မီးကြွင်းမီးကျန်မှ တစ်ဆင့် မီးလောင် ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ ဧပြီ ၁၆ ရက်၊ ယနေ့နံနက် ၁၁ နာရီ ၁၅ မိနစ်အချိန်က ပုဂံမြို့သစ် ဖွားစောကျေးရွာအုပ်စု - အရှေ့ ကန်ပေါက် ကျေးရွာတွင် နေထိုင်သူ ဒေါ်အေးဝင်း၏ နေအိမ်တွင် မိသားစုစားသောက်ရန် ချက်ပြုတ်ခဲ့သည့် မီးဖိုမီးကြွင်းမီးကျန်မှ အနီးရှိ ထရံအကာအား မီးကူးစက်လောင်ကျွမ်း ခဲ့ကြောင်း၊ အဆိုပါ မီးလောင်မှုကြောင့် သွပ်မိုး၊ ထရံကာ၊ ဝါးကြမ်းခင်း လူနေအိမ်(၃)လုံး၊ မော်တော်ဆိုင်ကယ်(၁)စီး၊ ထန်းရွက်မိုး၊ မျှောတိုင်စိုက် အကာမဲ့ မြေစိုက် နွားတင်းကုတ်(၁)လုံး မီးလောင်ဆုံးရှုံး ပျက်စီးသွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ် (၃၅၅,၀၀၀ိ/-)ခန့်ရှိကြောင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်းရာသို့ ညောင်ဦးခရိုင်မီးသတ်စခန်းမှ မီးငြှိမ်း သတ်ယာဉ်(၄)စီး၊ ရေသယ်ယာဉ်(၁)စီး၊ ပုဂံနယ်မြေ မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ ပုဂံအရန်မီးသတ်စခန်းမှ မီးငြှိမ်း သတ်ယာဉ်(၂)စီး၊ စုစုပေါင်း မီးငြှိမ်းသတ်ယာဉ်(၆)စီး၊ ရေသယ်ယာဉ် (၂)စီး၊ မီးသတ်ယာဉ်(၁)စီးတို့ အသုံးပြု၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၃၉)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၅၀)ဦး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အရာရှိ(၄)ဦး၊ တပ်ဖွဲ့ဝင်(၉)ဦး ပူးပေါင်းအဖွဲ့မှ ဒေသခံကျေးလက်နေ ပြည်သူများနှင့် အတူ ၁၁ နာရီ ၃၂ မိနစ်အချိန်တွင် မီးစတင်ငြှိမ်းသတ်ခဲ့ရာ ၁၁ နာရီ ၄၀ မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုကြောင့် မီးကိုပေါ့ဆစွာအသုံးပြုသူ ဒေါ်အေးဝင်း အား ပုဂံနယ်မြေရဲစခန်းမှ (ပ) ၄၀/၂၀၁၈ ဥပဒေ ပုဒ်မ(၂၈၅)အရ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။

ရဲဝင်းနိုင် (ညောင်ဦး)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
ပုဂံညောင်ဦး အရှေ့ကန်ပေါက်ကျေးရွာတွင် မီးလောင်မှုဖြစ်ပွား၊ နေအိမ်(၃)လုံး မီးလောင်ဆုံးရှုံး ပုဂံညောင်ဦး အရှေ့ကန်ပေါက်ကျေးရွာတွင် မီးလောင်မှုဖြစ်ပွား၊ နေအိမ်(၃)လုံး မီးလောင်ဆုံးရှုံး Reviewed by THITHTOOLWIN on 19:28 Rating: 5
Powered by Blogger.