ကျောက်တံခါးမြို့နယ်မှာ တစ်သောင်းတန်ငွေစက္ကူအတု ပြုလုပ်သုံးစွဲနေတဲ့ အဖွဲ့ကို ဖမ်းမိ


ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်မှာ တစ်သောင်းတန် ငွေစက္ကူအတု ပြုလုပ်သုံးစွဲနေတဲ့ အဖွဲ့ကို ဧပြီလ (၁၈)ရက် မနေ့က ညပိုင်းက ဖမ်းဆီးရမိခဲ့ပါတယ်။ အဲဒီအဖွဲ့မှာပါတဲ့ အမျိုးသားသုံးဦးဟာ တစ်သောင်းတန် ငွေစက္ကူအတုတွေနဲ့ ဖြူးမြို့နယ် သနပ်ကွင်းကျေးရွာ က ဈေးဆိုင်မှာ လာရောက်ဈေးဝယ်စဉ် သတင်းပေးတိုင်ကြားချက်အရ ကညွတ်ကွင်းနယ်မြေရဲစခန်းက ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။


 အဲဒီအမျိုးသားသုံးဦးကို ဆိုင်ကယ်တစ်စီး၊ တစ်သောင်းတန်အတု (၄၂)ရွက်နဲ့ ဖမ်းမိခဲ့တာဖြစ်ပါတယ်။ ဆက်လက်စစ်ဆေးရာမှာတော့ သူတို့ သုံးဦးဟာ ကျောက်တံခါးမြို့နယ် မြောက်ပိုင်းရပ်ကွက် အောင်မြင်မြို့နေသူတွေဖြစ်တယ်လို့ သိရှိရပါတယ်။


 ဒီငွေစက္ကူတွေကို သူတို့အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ အောင်မြင်မြို့နေ ဘိုဘိုနိုင်ဆိုသူရဲ့ နေအိမ်ကနေ ယူလာတာဖြစ်တယ်ဆိုပြီး စစ်ဆေးပေါ်ပေါက်ခဲ့တာကြောင့် ဆက်လက် စစ်ဆေးရာ အဲဒီနေအိမ်ပေါ်ကနေ စက္ကူ A 4 တစ်ထုပ်၊ Color Printer တစ်လုံး၊ ဘထ္ထရီတစ်လုံး၊ ဆိုလာအင်ဗာတာတစ်လုံးနဲ့ ဆိုလာပြားတစ်ချပ် အပါအ၀င် ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့ပါတယ်။


 ဒီဖြစ်စဉ်မှာ ကွင်းဆက်ပါဝင်သူတွေကိုလည်း ဆက်လက်စုံစမ်းဖော်ထုတ် နေတယ်လို့ သိရပါတယ်။ ဒီအမှုမှာ ပါဝင်တဲ့ ဖြိုးလင်း၊ဖြိုးအောင်၊ခင်မောင်မြင့်၊ ဘိုဘိုနိုင်တို့ကို ကညွှတ်ကွင်းနယ်မြေရဲစခန်းက (ပ)၇၆/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၄၈၉-က/၄၈၉-ခ/၄၈၉-ဂအရဖမ်းဆီး အမှုဖွင့်အရေးယူထားပါတယ်။

သတင်း - ဖြိုးကိုလင်း (ညောင်ဝိုင်း)(5 Plus News)
https://www.facebook.com/5plusnews
ကျောက်တံခါးမြို့နယ်မှာ တစ်သောင်းတန်ငွေစက္ကူအတု ပြုလုပ်သုံးစွဲနေတဲ့ အဖွဲ့ကို ဖမ်းမိ ကျောက်တံခါးမြို့နယ်မှာ တစ်သောင်းတန်ငွေစက္ကူအတု ပြုလုပ်သုံးစွဲနေတဲ့ အဖွဲ့ကို ဖမ်းမိ Reviewed by THITHTOOLWIN on 13:06 Rating: 5
Powered by Blogger.