ဆိုင်ကယ်မှောက်၍ သေဆုံးသူဇနီးအား စစ်ဆေးရာမှ လူသတ်မှုဖြစ်နေ


ခင်ဦး(ဧပြီ-၂၃)

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် ခင်ဦးမြို့၌ ဧပြီ ၂၃ ရက်နေ့ ညနေ ၇ နာရီအချိန်ခန့်က ဆိုင်ကယ်မှောက်၍သေဆုံးသူဇနီးအားစစ်ဆေးရာမှ လူသတ်မှုဖြစ်နေကြောင်း မြို့မရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ ခင်ဦးမြို့ မြနန္ဒာရပ်ကွက်ရှိ ကြက်မွေးမြူရေးခြံတွင်နေထိုင်သော ယောင်္ကျားဖြစ်သူ ဗိုလ်ဗိုလ်မှ ဇနီးဖြစ်သူ မအေးအေးဇော် ၃၀ နှစ် (ဘ)ဦးခင်မောင်ဝင်းအား ဆိုင်ကယ်မှောက်၍ ဒဏ်ရာများရရှိထားသဖြင့် ဆေးရုံသို့ပိုဆောင်ပေးပါရန် “သုခစေတနာ” နာရေးကူညီမှုအသင်းသို့ အကူညီတောင်းသဖြင့် သွားရောက်ခဲ့ရာ မအေးအေးဇော်မှာ နေအိမ်ကြမ်းခင်းပေါ်တွင် ရိုက်နှက်ထားသောဒဏ်ရာများဖြင့် သေဆုံးနေကြောင်းတွေ့ရှိရသဖြင့် မသင်္ကာ၍ သက်ဆိုင်ရာရဲစခန်းသို့ အကြောင်းကြားရာ မြို့မရဲစခန်းမှူး ဒုရဲမှူးထွဏ်းထွဏ်းဦးနှင့်တပ်ဖွဲ့ဝင်များသည် အခင်းဖြစ်နေအိမ်သို့ သွားရောက်စစ်ဆေးပြီး ရဲဆေးစာဖြင့် ခင်ဦးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။


အဆိုပါသေဆုံးသူ မအေးအေးဇော်အား ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးရာ ဝဲ/ယာမျက်လုံးညိုမဲဒဏ်ရာ၊ အပေါ်နှုတ်ခမ်းဖုရောင်ဒဏ်ရာ၊ ဝဲနားထင်ပေါက်ပြဲဒဏ်ရာ၊ ယာပါးပေါက်ပြဲဒဏ်ရာ၊ ဝဲနံစောင်းတလျောက်ညိုမဲဒဏ်ရာ၊ ကျောပြင်တလျောက်ပေါက်ပြဲညိုမဲဒဏ်ရာ၊ ဝဲ/ယာတင်ပါညိုမဲဒဏ်ရာ၊ နဖူးပွန်းပဲ့ဒဏ်ရာ၊ ဝဲလက်ဖမိုးဖုရောင်ဒဏ်ရာ၊ ဝဲနားရွက်နောက်ဖုရောင်ညိုမဲ ဒဏ်ရာ၊ ယာခြေမျက်စိပေါက်ပြဲဒဏ်ရာများမှာ ဆိုင်ကယ်တိုက်ရာမှရရှိသောဒဏ်ရာများမဟုတ်ဘဲ ရိုက်နှက်ထားသောဒဏ်ရာများဖြင့်သေဆုံးကြောင်း စစ်ဆေးတွေ့ရှိရသည်။


၎င်းဖြစ်စဉ်နှင့်ပါတ်သက်၍ အမဖြစ်သူ မအေးအေးဇော်အား သေဆုံးသည်အထိ ရိုက်နှက်ညဉ်းပန်းနှိပ်စက်သော ဗိုလ်ဗိုလ် ၂၅ နှစ် (ဘ)ဦးခင်မောင်သိန်းအား ဥပဒေအရ ရေးယူပေးပါရန် ညီမအရင်းဖြစ်သူ မတူးတူး(ခ)ဌေးဌေးဝင်းက တရားလိုပြုလုပ်၍ ခင်ဦးမြို့မရဲစခန်းမှ (ပ) ၁၉၁/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ-၃၀၂ ဖြင့် ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

Chit Sann
ဆိုင်ကယ်မှောက်၍ သေဆုံးသူဇနီးအား စစ်ဆေးရာမှ လူသတ်မှုဖြစ်နေ ဆိုင်ကယ်မှောက်၍ သေဆုံးသူဇနီးအား စစ်ဆေးရာမှ လူသတ်မှုဖြစ်နေ Reviewed by THITHTOOLWIN on 19:15 Rating: 5
Powered by Blogger.