ဆီးရီယားက တပ်တွေရုပ်ဖို့ ကန် ပိုင်းဖြတ်ထားဆဲ

အမေရိကန်သမ္မတ ဒေါနယ်ထရမ့် (ဧပြီ ၁၂-၂၀၁၈)
ဆီးရီးယားက အမေရိကန် တပ်ဖွဲ့တွေ ရုပ်သိမ်းရေး သမ္မတ Donald Trump ဘက်က ပိုင်းဖြတ်ထားဆဲ ဖြစ်တယ်လို့ အိမ်ဖြူတော်က ပြောဆိုပါတယ်။ ဆီးရီးယားမှာ အမေရိကန် တပ်တွေ ဆက်လက် ချထားဖို့ သမ္မတ Trump ကို စည်းရုံး ပြောဆို ထားတယ်ဆိုပြီး ပြင်သစ် သမ္မတ Emmanuel Macron က ပြောဆိုလိုက် အပြီးမှာ အမေရိကန် သမ္မတ အိမ်ဖြူတော်က အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ဆီးရီးယားဆိုင်ရာ အမေရိကန် မစ်ရှင်မှာ အပြောင်းအလဲ မရှိကြောင်း၊ အမေရိကန်တပ်တွေ အမြန်ဆုံး ပြန်လည် ရုပ်သိမ်းလိုကြောင်း သမ္မတ အနေနဲ့ ရှင်းရှင်းလင်းလင်း ရှိထားပြီး ဖြစ်ကြောင်း အိမ်ဖြူတော် ပြောခွင့်ရ Sarah Huckabee Sanders က မနေ့ တနင်္ဂနွေနေ့ နှောင်းပိုင်း ကြေညာချက်မှာ ပြောဆိုထားပါတယ်။ အမေရိကန်တို့ အနေနဲ့ အစ္စလာမ္မစ် အစွန်းရောက် IS စစ်သွေးကြွ အဖွဲ့ကို လုံးဝ ချေမှုန်းပြီး ပြန်လည် ဦးမော့မလာရေး ကြိုတင်ကာကွယ်ဖို့ ဆောင်ရွက်လိုတာ ဖြစ်တယ်လို့လည်း သူမက ထပ်လောင်း ပြောပါတယ်။

မနေ့ တနင်္ဂနွေနေ့ အစောပိုင်းမှာ ပြင်သစ် သမ္မတ Macron က ဆီးရီးယားကနေ အမေရိကန် တပ်ဖွဲ့တွေ ပြန်ရုပ်သိမ်းမယ်ဆိုတာကို လွန်ခဲ့တဲ့ ၁၀ ရက်တုန်းက သမ္မတ Trump က ပြောဆိုခဲ့ကြောင်း၊ ဆီးရီးယားမှာ အမေရိကန်တပ်တွေ ရေရှည် ဆက်ပြီး ချထားဖို့ လိုအပ်တယ်ဆိုတာကို သမ္မတ Trump ကို စည်းရုံးပြောဆိုထားကြောင်း ပြင်သစ်နိုင်ငံ BFM ရုပ်သံကို ပြောဆိုခဲ့တာပါ။

ဆီးရီးယား နိုင်ငံက ဓာတုလက်နက်တွေနဲ့ သက်ဆိုင်တဲ့ နေရာတွေကို အမေရိကန်နဲ့ ဗြိတိန်တို့ရဲ့ လေကြောင်း တိုက်ခိုက်မှုမှာ ပြင်သစ်တို့ ပူးပေါင်းပါဝင်ခဲ့ပြီး ၂ ရက် အကြာမှာ အခုလို မှတ်ချက်ပေး ပြောဆိုမှုတွေ ထွက်ပေါ်လာတာပါ။ ဆီးရီးယား အပေါ် လေကြောင်း တိုက်ခိုက်မှုတွေကို သမ္မတ Trump က ဆက်လုပ်ချင်ခဲ့ကြောင်း ပြင်သစ် သမ္မတက ပြောဆိုပြီး သူ့အနေနဲ့ကတော့ လေကြောင်း တိုက်ခိုက်မှုကို အကန့်အသတ်နဲ့ လုပ်ဖို့ လိုအပ်တယ်ဆိုတာကို ပြောဆိုခဲ့ပါတယ်လို့လည်း ပြောဆိုသွားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
ဆီးရီယားက တပ်တွေရုပ်ဖို့ ကန် ပိုင်းဖြတ်ထားဆဲ ဆီးရီယားက တပ်တွေရုပ်ဖို့ ကန် ပိုင်းဖြတ်ထားဆဲ Reviewed by THITHTOOLWIN on 19:48 Rating: 5
Powered by Blogger.