ကဗျာဝကမ်းခြေအတွင်း ပဋိပက္ခဖြစ်စဉ်ကြောင့် ရဲတပ်ဖွဲ့ဝင် ၃ ဦးထိခိုက်ဒဏ်ရာရရှိ


ရေး ၊ ဧပြီ ၁၅

ကဗျာဝကမ်းခြေတွင် ဧပြီလ ၁၄ ရက်နေ့ မွန်းလွဲပိုင်းက ပဋိပက္ခဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ရာက ရဲတပ်ဖွဲ့ဝင် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှာ အနည်းငယ် ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ကဗျာဝကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် သင်္ကြန်ရက်တွင် ကားနှင့်ဆိုင်ကယ်များ ကမ်းခြေပေါ်သို့ ၀င်ထွက်သွားလာမှုမရှိစေရန် ဆိုင်ပိုင်ရှင်များနှင့်တွေ့ဆုံညှိနှိုင်းစဉ် ရုံးအနီးမဏ္ဍပ်မှ ဆောင်းဘောက်အသံကျယ်လောင်စွာဖွင့်ထားသဖြင့် တားမြစ်ခဲ့ကြောင်း၊ ထိုသို့တားမြစ်ခဲ့သော်လည်း လိုက်နာမှုမရှိသဖြင့် တာဝန်ကျရဲတပ်ဖွဲ့ဝင်များအကူအညီဖြင့် ပြေလည်မှုရခဲ့ကြောင်း၊ ထို့နောက် ခေါဇာမြို့ရဲစခန်းမှ တာဝန်ရှိသူများ လာရောက်ပူးပေါင်းခဲ့စဉ် ယင်းမဏ္ဍပ်မှလူငယ်များက ကမ်းခြေအတွင်းတွင် တုတ်၊ ဓားစသည်တို့ကိုင်ဆောင်ကာ ဆိုင်ကယ်ဖြင့် လှည့်လည်သွားလာသောင်းကျန်းခဲ့ကြကြောင်း၊ တာဝန်ရှိသူများက ယင်းအဖွဲ့မှ လူငယ် ၂ ဦးအား ပြောဆိုစည်းရုံးတားမြစ်ရန်ခေါ်ဆောင်လာစဉ် လူငယ် ၃၀ ဦးခန့်က လိုက်လာခဲ့ကြပြီး အုပ်ချုပ်ရေးမှူးရုံးက ခဲများဖြင့် ပစ်ခဲ့ကြကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက သိရသည်။

ပြဿနာမဖြစ်ပွားစေရေးအတွက် လူငယ် ၂ ဦးကို ပြန်လည်လွှတ်ပေးခဲ့သော်လည်း အဆိုပါ လူငယ် ၃၀ ဦးခန့်က ခဲများ၊ ပုလင်းများဖြင့် ပစ်ခတ်နေခဲ့ကြသဖြင့် ရဲတပ်ဖွဲ့ဝင် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးရုံးရှိ သွပ် ၆ ချက်၊ ဆိုင်းဘုတ်ပေါက်ပြဲခြင်းနှင့် ရုံးအနောက်ကွန်ကရစ်တိုင် (၁)ချောင်းကျိုးပဲ့ခြင်းတို့ဖြစ်ပွားခဲ့ရသည်။

'' လူငယ်တွေအားလုံးလိုလိုက မျက်နှာဖုံးတပ်ထားကြတယ်၊ ဘယ်သူဘယ်ဝါခွဲမထိဘူး၊ ဆောင်းဘောက်တိုးခိုင်းရာက ပြဿနာစဖြစ်ပွားခဲ့တာပေါ့၊ သေနတ်ပစ်ပြီး လူစုခွဲတော့မှ လူစုကွဲသွားခဲ့ကြတာ '' လို့ ကဗျာဝကျေးရွာအုပ်ချုပ်ရေးမှူး ဦးစံလင်းက ပြောကြားသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ရဲတပ်ဖွဲ့ဝင်တစ်ဦးက သေနတ် (၁)ချက်ပစ်ဖောက်လူစုခွဲခဲ့ရပြီး ဖြစ်စဉ်အပေါ် စုံစမ်းဖော်ထုတ်ပြီး အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရေးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက သိရသည်။

သတင်းနှင့် ဓါတ်ပုံ - ရဲနိုင်
Than Lwin Times
https://www.facebook.com/thanlwintimes9
ကဗျာဝကမ်းခြေအတွင်း ပဋိပက္ခဖြစ်စဉ်ကြောင့် ရဲတပ်ဖွဲ့ဝင် ၃ ဦးထိခိုက်ဒဏ်ရာရရှိ ကဗျာဝကမ်းခြေအတွင်း ပဋိပက္ခဖြစ်စဉ်ကြောင့် ရဲတပ်ဖွဲ့ဝင် ၃ ဦးထိခိုက်ဒဏ်ရာရရှိ Reviewed by THITHTOOLWIN on 19:20 Rating: 5
Powered by Blogger.