ဒုက္ခသည်တွေ ယာယီစခန်းမှာ ၁ လသာနေရမည်

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မြောက်ပိုင်း တောင်ပြိုလက်ဝဲမြို့က လက်ခံရေးစခန်းကို တွေ့ရစဉ်/ Photo: Min Thein Aung/RFA
ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးတိမ်းရှောင်သွားကြတဲ့ ဒုက္ခသည်တွေ နေရပ်ပြန်လာတဲ့အခါ လှဖိုးခေါင် ဒုက္ခသည်စခန်းမှာ တစ်လလောက်သာ နေရမှာဖြစ်ပြီး အဲဒီနောက်မှာတော့ သက်ဆိုင်ရာ နေရပ်တွေကို ပြန်လည်ပြန်ပို့ပေးသွားမှာဖြစ်တယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူက ပြောပါတယ်။

လူမှုရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးရဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခရီးစဉ်နောက်ဆက်တွဲ အခြေအနေကို မေးမြန်းရာမှာ ဦးမြင့်သူက ဒုက္ခသည်တွေ လက်ခံရေးနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။

"ကျနော်တို့ နဂိုတည်းက သူတို့ဘက်ကို တရားဝင် အသိလည်းပေးထားပြီးဖြစ်ပါတယ်၊ ကျနော်တို့ ပြန်လည် လက်ခံရေးစခန်း ၂ ခု ဖွင့်လှစ်ထားပြီးဖြစ်ပါတယ်၊ ကျနော်တို့ ဒီစခန်း ၂ ခုမှာ အလွန်ဆုံးသူတို့ ၁ ရက်ပဲနေ ရမှာဖြစ်ပါတယ်၊ ပြီးရင် ကျနော်တို့ လှဖိုးခေါင်မှာ ရှိတဲ့ ကန်(ပ်)ကို ပြောင်းရွှေ့မှာဖြစ်ပါတယ်၊ အဲဒီတော့ လက်ရှိအနေအထားမှာ ကျနော်တို့ဘက်က ကျေးရွာတွေ ဆောက်တာလည်း တော်တော်များများ ပြီးနေပြီဖြစ်ပါတယ်၊ သူတို့အလွန်ဆုံး လှဖိုးခေါင်စခန်းမှာ အလွန်ဆုံး ၁ လပဲ နေရပါမယ်လို့ ကျနော်တို့ စီစဉ်ထားပါတယ်၊ သူတို့ပြောတဲ့ IDP တို့ဘာတို့ဟာ သူတို့ဘက်က ပြောဆိုချက်သယဖြစ်ပါတယ်၊ ကျနော်တို့ဘက်ကတော့ စတင်ဝင်ရောက်လာတဲ့ ပုဂ္ဂိုလ်တွေကို ကျနော်တို့ အမြန်ဆုံးစိစစ်ပြီး သက်ဆိုင်ရာ နေရာကိုပြန်ပို့ပေးဖို့ စီစဉ်ထားပါတယ်"

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး နဲ့အတူ အမျိုးသမီးအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေဟာ ဒုက္ခသည်တွေ စိုးရိမ်နေတာတွေကို ဖြေရှင်းပေးနိုင်အောင် ဘင်္ဂလားဒေ့ရှ်နိုင်ကို လိုက်ပါသွားကြတယ်လို့ ပြောပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းတွေဖြစ်တဲ့ UNHCR၊ UNDP တို့နဲ့ မြန်မာအစိုးရတို့ သုံးပွင့်ဆိုင် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးသွားဖို့ရှိတယ်လို့ အမြဲအတွင်းဝန် ဦးမြင့်သူက ပြောပါတယ်။

ရခိုင်မြောက်ပိုင်းမှာ  ဒုက္ခသည်တွေ ပြန်လည်နေရာချထားရေး အဆင်သင့်မဖြစ်သေးဘူးလို့ မြန်မာနိုင်ငံကို ၆ ရက်ကြာခရီး လာရောက်ခဲ့တဲ့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ လက်ထောက် အထွေထွေ အတွင်းရေးမှူးချုပ် Ms.Ursula Mueller က ပြောထားပေမယ့် မြန်မာနိုင်ငံအနေနဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၃ ရက်နေ့ကစပြီး လက်ခံဖို့ အဆင်သင့်ဖြစ်နေပြီလို့လည်း ဆိုပါတယ်။

ရခိုင်ပြည်နယ် လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေး စီမံကိန်း UEHRD ရဲ့ ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး ဦးဆောင်တဲ့ အဖွဲ့ဟာ ဧပြီလ ၁၁ ရက်နေ့ မနေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားရောက်ပြီး ဒုက္ခသည်တွေ ပြန်လာရေး သွားရောက်ဆွေးနွေးနေတာ ဖြစ်ပါတယ်။

ဒီခရီးစဉ်အတွင်း ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးတို့နဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံဆက်ဆံရေးနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားသူတွေကို ပြန်လည်လက်ခံရေး ကိစ္စတွေကို ဆွေးနွေးသွားကြမှာဖြစ် ပါတယ်။

RFA Burmese
https://www.rfa.org/burmese
ဒုက္ခသည်တွေ ယာယီစခန်းမှာ ၁ လသာနေရမည် ဒုက္ခသည်တွေ ယာယီစခန်းမှာ ၁ လသာနေရမည် Reviewed by THITHTOOLWIN on 18:20 Rating: 5
Powered by Blogger.