တားမြစ်ဧရိယာသတ်မှတ်ပြီး ရေကစားဖို့ ချင်းတွင်းသင်္ကြန်မှာ သတိပေး

ချင်းတွင်းသင်္ကြန် မြစ်ကမ်းခြေဇုံမှာ ရေကစားကြသူတွေကို ၂ဝ၁၈ ခုနှစ် ဧပြီလ ၁၆ ရက်နေ့က တွေ့ရစဉ်။ Photo: Chindwin Thingyan - facebook
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ ချင်းတွင်းမြစ်ကမ်းသဲသောင်ပြင်မှာ ကျင်းပနေတဲ့ ချင်းတွင်းသင်္ကြန်မှာ မြစ် အတွင်းရေကစားသူတွေ အန္တရာယ်မဖြစ်စေဖို့အတွက် တားမြစ်ဧရိယာအတွင်းသာ ကစားကြဖို့ ချင်းတွင်းသင်္ကြန် လုံခြုံရေးတာဝန်ယူထားသူတွေက သတိပေးထားပါတယ်။

ရေအနက် ၃ ပေ နဲ့ ၄ ပေအတွင်းမှာပဲ ရေကစားခွင့်ပြုပြီး နောက်ပိုင်းကို တားမြစ်ဧရိယာ သတ်မှတ်ပေးထား တာဖြစ်တယ်လို့ စစ်ကိုင်းတိုင်း မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမင်းစန်းအေး က ပြောပါတယ်။

"ကျနော်တို့က ရေအနက်မှာ ပထမ ၃ ပေ၊ ဒီဘက်က ၄ ပေခွဲ ဟိုဘက်ကို ကျနော်တို့က တားမြစ်ဧရိယာ သတ်မှတ်ပေးပါတယ်၊ ၃ ပေနဲ့ ၄ ပေကြားထဲမှာပဲ ဆော့တာလက်ခံပါတယ်၊ ၁၀ ပေ ၃ ပေ ဗီနိုင်းဘုတ်တွေ ထောင်ပေးထားတယ်၊ ဘောကွင်းတွေ တားပေးထားတယ်၊ ငါးဖမ်းတဲ့နေရာမှာသုံးတဲ့ ရေဘောလုံးတွေကို ကြိုးတန်းနဲ့ တားပေးထားတယ်"

တားမြစ်ဧရိယာ ကျော်လာသူတွေကိုလည်း Speed Boat တွေနဲ့ လိုက်လံသတိပေးနေတယ်လို့ သိရပါတယ်။

ဒီသင်္ကြန်ရက်တွေအတွင်း ချင်းတွင်းသင်္ကြန်ရဲ့ Beach Zone ဧရိယာထဲမှာမဟုတ်ဘဲ မြစ်အတွင်းမှာ လူတစ်ဦး ရေနစ်မြုပ်ခဲ့တာကို သွားရောက်ကယ်ဆယ်ပေးခဲ့ပေမယ့် ဆေးရုံရောက်ချိန်မှာ သေဆုံးသွားခဲ့တယ်လို့လည်း ဦးမင်းစန်းအေး က ပြောပါတယ်။

ချင်းတွင်းသင်္ကြန်ရဲ့ Beach Zone ဧရိယာမှာ ရေကစားကြသူတွေအတွက် ရဲတပ်ဖွဲ့ဝင်တွေ၊ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ လူငယ်အဖွဲ့တွေ အင်အား ၃၀၀ လောက်နဲ့ လုံခြုံရေးယူပေးထားတယ်လို့လည်း သိရပါတယ်။

မုံရွာမြို့ရဲ့ ချင်းတွင်းသင်္ကြန်မှာ တစ်ရက်ကို လူဦးရေ သိန်းနဲ့ချီ လာရောက်လည်ပတ်ကြတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒီနှစ်သင်္ကြန်အတွင်း မုံရွာပြည်သူ့ဆေးရုံကြီးကို အကြိုနေ့မှာ ၈၅ ယောက်၊ အကျနေ့မှာ ၈၈ ယောက်နဲ့ အကြတ်နေ့ မှာ ၈၆ ယောက် ရောက်လာပြီး မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရသူတွေ အများဆုံးဖြစ်တယ်လို့ မုံရွာမြို့ ကရုဏာမြင့်မိုရ် လူမှုကူညီရေးအသင်းက ပြောပါတယ်။

အလားတူ သင်္ကြန်အကြိုနေ့နဲ့ အကျနေ့တွေမှာ ထိခိုက်ဒဏ်ရာရပြီး  ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနကို ရောက်ရှိလာတဲ့ လူနာ စုစုပေါင်း ၃၀၀ ကျော်ရှိခဲ့ပါတယ်။

RFA Burmese
https://www.rfa.org/burmese
တားမြစ်ဧရိယာသတ်မှတ်ပြီး ရေကစားဖို့ ချင်းတွင်းသင်္ကြန်မှာ သတိပေး တားမြစ်ဧရိယာသတ်မှတ်ပြီး ရေကစားဖို့ ချင်းတွင်းသင်္ကြန်မှာ သတိပေး Reviewed by THITHTOOLWIN on 19:11 Rating: 5
Powered by Blogger.