မတရားဖမ်းဆီး ထောင်ချခံခဲ့ရသော မုံးကိုး ကချင်ဓမ္မဆရာ ၂ ဦး လွတ်မြောက်လာ


KNG/ April 17, 2018

မတရားအသင်း ဆက်သွယ် မှု ပုဒ်မ ၁၇ (၁) နှင့် ပို့ ကုန်သွင်းကုန် ဥပဒေ ပုဒ်မ(၈) ဖြင့် မြန်မာ့ တပ်မတော်က တရားစွဲဆိုပြီး ထောင်ချခံလိုက်ရသည့် မုံးကိုးမြို့ ကချင်အသင်းတော် မှ သင်းထောက် ဦးဒွမ်ဒေါ့နောင်လတ်နှင့် ဆရာ ဦးလန်ဂျော့ ဂမ်းဆိုင်းတို့ ၂ ဦး ယနေ့မှာ လွတ်မြောက် လာပြီ ဖြစ်ကြောင်း မိသားစုဝင် များထံမှ သိရသည်။

နိုင်ငံတော်သမ္မတကြီး၏ မြန်မာနှစ်သစ် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက် လာခြင်းဖြစ်ပါသည်။

မုံးကိုး KBC ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် အမှုတော်ဆောင် ဆရာ နှစ်ဦးသည် ၂၀၁၆ မုံးကိုး တိုက်ပွဲ အပြီး မြန်မာ့တပ်မတော်က ဖျက်ဆီးခဲ့ သော မုံးကိုးမြို့ အခြေအနေကို ထိုဒေသသို့ ရောက်လာသော သတင်းသမားများအား လမ်းပြ ခေါ်ဆောင်ပြီး အကြောင်းအရာများကို ပြောပြခဲ့ သည့်အတွက် ၂၀၁၆ ဒီဇင်ဘာ ၂၄ ညနေပိုင်း တွင် လျို့ဝှက် ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရခြင်း ဖြစ်ပါသည်။

ယခုလို လွတ်မြောက်လာသည့်အတွက် အလွန်ပင် ဝမ်းမြောက် ဝမ်းသာဖြစ်ရကြောင်း မိသားစုဝင်များ ပြောပါသည်။
“အခုလို လွတ်မြောက်လာတာ က ဘုရားသခင်ရဲ့ ကျေးဇူးတော်ကြောင့် ပါ ၊ ဘာမှကို မပြောတတ်အောင်ကို ဝမ်းသာပါတယ်” ဟု သင်းထောက်ဒွမ်ဒေါ့နောင်လတ်၏ သမီးဖြစ်သူက ပြောပါသည်။

အသက် ၆၇ နှစ်အရွယ် သင်းထောက်ဦး ဒွမ်ဒေါ့နောင်လတ် အား ထောင်ဒဏ် (၂)နှစ်နဲ့ (၃)လ ၊ အသက် ၃၅ ဆရာ လန်ဂျော့ ဂမ်းဆိုင်း ကို ထောင်ဒဏ် (၄)နှစ်နှင့်(၃)လ စသဖြင့် လားရိုးမြို့  တရားရုံးက ၂၀၁၇ အောက်တိုဘာ ၂၇ နေ့ အသီးသီး ပြစ်ဒဏ် ချမှတ်ခဲ့ သည်။

မတရားဖမ်းဆီးခံရသည့် ဆရာ ၂ဦးကို အမှုမှ အပြီးအပိုင် လွတ်ပေးရန် ၄င်းတို့ ၂ ဦး အမှုရင်ဆိုင်နေချိန် ကာလများမှာ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့များ တောင်းဆိုခဲ့ပေမယ့် နောက်ဆုံးတွင် စီရင်ချက် ချမှတ် ခံခဲ့ရပါသည်။

ဆရာ ၂ ဦးသည် စတင်အဖမ်းခံရသည့် နေ့မှစပြီး ၁ နှစ်ခွဲအကြာ ယနေ့မှာ လွတ်မြောက်လာနိုင်ခဲ့ပါသည်။

Zai Let
Kachin News Group
https://www.facebook.com/theKachinNews
မတရားဖမ်းဆီး ထောင်ချခံခဲ့ရသော မုံးကိုး ကချင်ဓမ္မဆရာ ၂ ဦး လွတ်မြောက်လာ မတရားဖမ်းဆီး ထောင်ချခံခဲ့ရသော မုံးကိုး ကချင်ဓမ္မဆရာ ၂ ဦး လွတ်မြောက်လာ Reviewed by THITHTOOLWIN on 21:37 Rating: 5
Powered by Blogger.