နေဝင်ချိန်ကြည့်နိုင်မယ့်နေရာအသစ် ဆောက်လုပ်မှုတွေ ရပ်ဆိုင်း

ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေကို တွေ့ရစဉ်/ Photo: RFA
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေမှာ နေ၀င်ချိန်ရှုခင်းတွေကြည့်ဖို့ တည်ဆောက်နေတဲ့ နေရာအသစ်တွေ ဆောက်လုပ်မှုကို ရပ်ဆိုင်းထားဖို့ ရှေးဟောင်းသုတေသနဦးစီးဌာနက ညောင်ဦးခရိုင်စီမံခန့်ခွဲမှုကော်မတီနဲ့ ညှိနှိုင်းထားပါတယ်။

ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းထားဆဲကာလမို့ ရှုခင်းတွေကြည့်ဖို့ ကန်ဘောင်တွေ မြှင့်တင်တာတွေကို ဆက်မလုပ်ဖို့ ညှိနှိုင်းထားတာဖြစ်တယ်လို့ ရှေးဟောင်းသုတေသနဦးစီးဌာန ပုဂံဌာနခွဲ ညွှန်ကြားရေးမှူး  ဦးအောင်အောင်ကျော် က ပြောပါတယ်။

"ရှုခင်းကြည့်တယ်၊ နေ၀င်၊ နေထွက်ကြည့်တယ်တွေသာ ပြောနေတာပါ၊ အဓိကကတော့ ကျွန်တော်တို့ ကန်ဘောင်မြှင့်တာပါ၊ နည်းနည်းလေးမြင့်မြင့်လေးမြှင့်ပြီးတော့ ကန်ဘောင်ကိုမြှင့်ရင်း အပေါ်မှာ Landscape ကို ကြည့်လို့ရအောင် လုပ်ရင်းဆောင်ရွက်တဲ့သဘောပါ၊ ကျွန်တော်တို့ ဆက်ပြီးမလုပ်ဖို့ ညှိနှိုင်းထားပါတယ်၊ ဒါတွေက ကမ္ဘာ့အမွေအနှစ်တင်ပြီးသားလည်း ဖြစ်တယ်၊ အခုချိန်က စစ်ဆေးဆဲကာလပေါ့နော်၊ သူတို့ အကဲဖြတ်နေတဲ့ချိန်မှာ လုပ်တာတွေက ဖြေရှင်းရနိုင်တဲ့အတွက် ဒီဟာတွေကို ဆက်လက်အသစ်တွေလုပ်ဖို့ကို ခေတ္တရပ်ဆိုင်းထားဖို့ မေတ္တာရပ်ခံထားတာပါ။"

ဘုရားတွေပေါ်တက်ပြီး နေ၀င်ချိန်ကြည့်တာတွေ လျှော့ချနိုင်ဖို့အတွက် ရည်ရွယ်ပြီး ကန်ဘောင်တွေမြှင့်တင်ပြီး ရှုခင်းကြည့်ဖို့ နေရာတွေ တည်ဆောက်တာ ဖြစ်ပါတယ်။

အဲဒီလို ကန်ဘောင်တွေ မြှင့်တင်ဖို့ကို ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ စီမံခန့်ခွဲရေးအဖွဲ့ကနေ ခရိုင်စီမံခန့်ခွဲရေးအဖွဲ့ကို တာဝန်ပေးတာဖြစ်ပြီး အဲဒီကတဆင့် လုပ်ငန်းအကောင်အထည်ဖော်မယ့်ဌာနတွေကို ခရိုင်စီမံခန့်ခွဲရေးအဖွဲ့ကနေ တာဝန်ပေးအပ်တာဖြစ်တယ်လို့ သိရပါတယ်။

အခုလက်ရှိမှာ ရှုခင်းကြည့်ဖို့ နေရာ ၄ ခုမှာ အကောင်အထည်ဖော်ထားပြီးဖြစ်ပြီး ဆက်လုပ်ဖို့ တစ်နေရာကျန်နေသေးတာ ဖြစ်ပါတယ်။

အဲဒီနေရာ ၄ နေရာဟာ ကိုမောင်ကန်၊ စူဋ္ဌာမဏိကန်၊ ညောင်လက်တစ်ဖက်ကန်၊ နောက်တစ်ခုက မင်းနန်သူရွာ နားမှာရှိတဲ့ ကန်ဦးကန်တို့ ဖြစ်တယ်လို့ သိရပါတယ်။

RFA Burmese
https://www.rfa.org/burmese
နေဝင်ချိန်ကြည့်နိုင်မယ့်နေရာအသစ် ဆောက်လုပ်မှုတွေ ရပ်ဆိုင်း နေဝင်ချိန်ကြည့်နိုင်မယ့်နေရာအသစ် ဆောက်လုပ်မှုတွေ ရပ်ဆိုင်း Reviewed by THITHTOOLWIN on 19:35 Rating: 5
Powered by Blogger.