ကေအန်ယူ နွေရာသီ လူငယ်သင်တန်း မွန် နယ်လုံဝန်ကြီး တားမြစ်

 မွန်ပြည်နယ် နယ်လုံဝန်ကြီးရဲ့ ကန့်ကွက်စာ
ကေအန်ယူတပ်မဟာ ၁ လှုပ်ရှားနေတဲ့ ဘီးလင်းမြို့နယ် ကွီလေကျေးရွာမှာ ဧပြီလ ၂၃ ရက်နေ့မှာ စတင်ပြုလုပ်ဖို့ ရည်ရွယ်ထားတဲ့ ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံးရဲ့ လူငယ်သင်တန်းကို ခွင့်မပြုဘူးဆိုပြီး မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းနိုင်ဦးက ကေအန်ယူ တပ်မဟာ (၁) ဆီကို အကြောင်းကြားစာပေးပို့ခဲ့ပါတယ်။

ဧပြီလ ၁၈ ရက်နေ့ ရက်စွဲနဲ့ ဖော်ပြထားတဲ့ အဲဒီအကြောင်းကြားစာထဲမှာ အခြေခံစစ်သင်တန်းတွေလည်း ပါတဲ့အတွက် မလိုလားအပ်တဲ့ ကိစ္စများ ဖြစ်လာနိုင်လို့ သင်တန်းဖွင့်ခြင်းကို တားမြစ်တယ်ဆိုပြီး ပါရှိပါတယ်။

အစိုးရရဲ့ ငြိမ်းချမ်းရေးဌာနဖြစ်တဲ့ NRPC နဲ့ မွန်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး စောင့်ကြည့်ရေးအဖွဲ့ JMC-s က လည်း အဲဒီ နွေရာသီ လူငယ်သင်တန်းကို ခွင့်မပြုဘူးလို့ ဖော်ပြထားတာပါ။

သူ့တို့က အခြေခံစစ်သင်တန်းပါတယ်ဆိုပြီးကန့်ကွက်ပေမဲ့ အဲဒီစစ်သင်တန်းတွေ မပါပါဘူး လူငယ်တွေအတွက် အခြေခံ စစ်သင်တန်းဆိုတာ နွေရာသီလူငယ်သင်တန်းမှာ လုပ်လေ့မရှိသလို ပုံမှန်နှစ်တိုင်း လုပ်နေကြသင်တန်းကို လုပ်ဖို့စီစဉ်တာ ဖြစ်တယ်လို့ မွန်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစောင့်ကြည့်ရေးအဖွဲ့ရဲ့ အတွင်းရေးမှူး (၁) ဖြစ်ပြီး ကေအန်ယူ တပ်မဟာ (၁) က ဗိုလ်မှူးအဆင့်ရှိသူလည်း ဖြစ်တဲ့ ဗိုလ်မှူးစောကျော်မြင့်က ဘီဘီစီကို ပြောပါတယ်။

မွန်ပြည်နယ်အစိုးရ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးရုံး တံဆိပ်နဲ့ ထုတ်ပြန်တဲ့ ညွှန်ကြားစာထဲမှာ မွန်ပြည်နယ် JMC-S က သင်တန်းကို ခွင့်မပြုဘူးလို့ ပါရှိတဲ့အချက်ဟာလည်း မေးခွန်းထုတ်စရာဖြစ်နေပြီး ဂျေအမ်စီ မွန်မှာ အတွင်းရေးမှူး (၁) တာဝန်ထမ်းနေတဲ့ သူကိုယ်တိုင် တောင်သိရှိရခြင်းမရှိတဲ့အတွက် ပြည်နယ် နယ်လုံဝန်ကြီးကို ပြန်လည်မေးခွန်းထုတ်ခဲ့တယ်လို့လည်း ဗိုလ်မှူးစောကျော်မြင့်က ပြောပါတယ်။

အန်စီအေ အပစ်ရပ်စာချုပ်အရ ဖွဲ့ထားတဲ့ ဂျေအမ်စီကော်မတီတွေမှာ အစိုးရ ၊ တပ်မတော် ၊ တိုင်းရင်းသား လက်နက်ကိုင် ဆိုပြီး ပါဝင်ကြပေမဲ့ အဆင့်ဆင့်သော ကော်မတီ ဥက္ကဌ ရာထူးတွေကို အစိုးရစစ်တပ်ဘက်က ရယူထားတာ ဖြစ်ပါတယ်။

အဲဒီလို ရာထူးတွေယူထားတဲ့အပေါ် တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တချို့က ဝေဖန်မှုတွေလည်း ရှိခဲ့တာပါ။

ကေအန်ယူ နယ်မြေတွေအတွင်း နှစ်စဉ် လုပ်လေ့လုပ်ထရှိတဲ့ နွေရာသီ လူငယ်သင်တန်းတွေမှာ ကရင်သမိုင်း ၊ ခေါင်းဆောင်မှုနဲ့စီမံခန့်ခွဲမှုဆိုင်ရာ သင်တန်း ၊ အခြေခံနိုင်ငံရေး ၊ ဖက်ဒရယ်ရေးရာ ၊ ငြိမ်းချမ်းရေး နဲ့ ပဋိပက္ခဖြေရှင်းမှုဆိုင်ရာ ဘာသာရပ်တွေနဲ့ ကေအန်ယူ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ သင်တန်းတွေ ပါဝင်ပါတယ်။

အခြားတပ်မဟာတွေမှာ ဒီလို ကိစ္စတွေ ဖြစ်နေသလားဆိုတာကိုတော့ သူ့အနေနဲ့ မသိရှိ မကြားသိရကြောင်း ဗိုလ်မှူးစောကျော်မြင့်က ပြောပါတယ်။

ဒီလိုတားဆီးမှုတွေဟာ နှစ်ဘက်အကြား ယုံကြည်မှု လျော့နည်းစေပြီး ငြိမ်းချမ်းရေးတည်ဆောက်တဲ့ ကာလမှာ အခုလို ပြဿနာ အသေးအဖွဲတွေကို ညှိနှိုင်းရမယ့်ကိစ္စတွေကို အများပြည်သူသိအောင် ကန့်ကွက်စာထုတ်တာဟာ မကောင်းတဲ့ ကိစ္စဖြစ်တယ်လို့ ဗိုလ်မှူးစောကျော်မြင့်က ပြောပါတယ်။

ကေအန်ယူ ကရင်အမျိုးသားအစည်းရုံးဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနက် တပ်မတော်နဲ့ ယုံကြည်မှု အတည်ဆောက်နိုင်ဆုံးအဖွဲ့လို့ အကဲခတ်တွေက ယခင်က ဆိုကြပေမယ့် နောက်ပိုင်းကာလတွေအတွင်း နှစ်ဘက်တပ်တွေအကြား ရံဖန်ရံခါ တိုက်ပွဲဖြစ်ပွားမှုတွေ ရှိလာနေခဲ့တာဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese
ကေအန်ယူ နွေရာသီ လူငယ်သင်တန်း မွန် နယ်လုံဝန်ကြီး တားမြစ် ကေအန်ယူ နွေရာသီ လူငယ်သင်တန်း မွန် နယ်လုံဝန်ကြီး တားမြစ် Reviewed by THITHTOOLWIN on 20:59 Rating: 5
Powered by Blogger.