မရမ်းကုန်းမြို့နယ်နှင့် ဒဂုံမြို့နယ်တို့တွင် ဖြစ်ပွားခဲ့သော ဖောက်ခွဲမှုဖြစ်စဉ်များမှ တရားခံနှစ်ဦးကို အလုပ်နှင့် ထောင်ဒဏ်များ ချမှတ်


ရန်ကုန် ၂၅ ဧပြီ

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်၊ (၄)ရပ်ကွက်၊ ပြည်လမ်းနှင့် တော်ဝင်လမ်းထောင့်ရှိ အိုးရှင်းစူပါစင်တာတွင် ၂၀၁၆ ခုနှစ် ဇွန် ၁၇ ရက်ညက ရေအိမ်အတွင်းဝန်ထမ်းမှ သန့်ရှင်းရေးပြုလုပ်စဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းနှင့် ပတ်သက်၍ မရမ်းကုန်းမြို့မရဲစခန်း၌ ပေါက်ကွဲစေတတ်သော ၀တ္ထုပစ္စည်းများအက်ဥပဒေဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့ပြီး အနောက်ပိုင်းခရိုင်တရားရုံး၌ စစ်ဆေးခဲ့သော ကိုရွှေ (ခ) ခင်မောင်ရွှေ (ခ) ရာကွတ် (၃၉)နှစ်အား ခရိုင်တရားသူကြီးမှ အလုပ်နှင့်ထောင်ဒဏ် (၁၀)နှစ် ချမှတ်လိုက်ကြောင်း သိရသည်။

ထို့ပြင် ဒဂုံမြို့နယ်၊ ပြည်လမ်းအနောက်ရပ်ကွက်၊ တိုင်းဒေသကြီးလွှတ်တော်ဝန်းအတွင်း ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၂၅ ရက် ညနေက ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းနှင့် ပတ်သက်၍ ကိုရွှေ (ခ) ခင်မောင်ရွှေ (ခ) ရာကွတ် (၃၉)နှစ်၊ စိုးဝင်း (ခ) မိုဟာမက်အလီ (၄၀)နှစ်၊ စိုးမင်းဇော် (ခ) သားငယ် (၄၂)နှစ်၊ ရာစင် (ခ) ကျော်သူ (၃၃)နှစ်တို့အား ဒဂုံမြို့မရဲစခန်းက ပေါက်ကွဲစေတတ်သော ၀တ္ထုပစ္စည်းများအက်ဥပဒေဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ပြီး အနောက်ပိုင်းခရို်င်တရားရုံးမှ လက်ခံစစ်ဆေးခဲ့ကာ ကိုရွှေ (ခ) ခင်မောင်ရွှေ (ခ) ရာကွတ်နှင့် စိုးဝင်း (ခ) မိုဟာမက်အလီတို့နှစ်ဦးအား ပြစ်မှုထင်ရှားသဖြင့် ခရိုင်တရားသူကြီးမှ အလုပ်နှင့်ထောင်ဒဏ် (၁၀)နှစ်စီ ချမှတ်ခဲ့ကြောင်းနှင့် စိုးမင်းဇော် (ခ) သားငယ်နှင့် ရာစင် (ခ) ကျော်သူတို့အား ရာဇ၀တ်ကျင့်ထုံးပုဒ်မ ၂၅၈(၁) အရ အမှုမှအပြီးအပြတ် လွှတ်ခဲ့ကြောင်း သိရသည်။

တရားခံ ကိုရွှေ (ခ) ခင်မောင်ရွှေ (ခ) ရာကွတ်သည် မရမ်းကုန်းမြို့မရဲစခန်းနှင့် ဒဂုံမြို့မရဲစခန်းတို့တွင် ရေးဖွင့်ခဲ့သည့် အမှုများအရ စုစုပေါင်း အလုပ်နှင့်ထောင်ဒဏ် နှစ်(၂၀) ကျခံရမည်ဖြစ်ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews
မရမ်းကုန်းမြို့နယ်နှင့် ဒဂုံမြို့နယ်တို့တွင် ဖြစ်ပွားခဲ့သော ဖောက်ခွဲမှုဖြစ်စဉ်များမှ တရားခံနှစ်ဦးကို အလုပ်နှင့် ထောင်ဒဏ်များ ချမှတ် မရမ်းကုန်းမြို့နယ်နှင့် ဒဂုံမြို့နယ်တို့တွင် ဖြစ်ပွားခဲ့သော ဖောက်ခွဲမှုဖြစ်စဉ်များမှ တရားခံနှစ်ဦးကို အလုပ်နှင့် ထောင်ဒဏ်များ ချမှတ် Reviewed by THITHTOOLWIN on 23:08 Rating: 5
Powered by Blogger.