ပုသိမ်မြို့နယ်၌ ဆင်သေ ၁ ကောင်နှင့် လူ ၂ ဦး ဖမ်းဆီးရမိ


နေပြည်တော်၊ ဧပြီ ၂၂

၂၀၁၈ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့ နံနက် ၄ နာရီအချိန် ပုသိမ်မြို့နယ်၊ ငွေဆောင်မြို့၊ သစ်ဖြူကျေးရွာ၊ ချောင်းသာသစ်တောကြိုးဝိုင်းအတွင်း၌ မသင်္ကာဖွယ် လူစိမ်းများရောက်ရှိ နေကြောင်း သတင်းအရ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ ငွေဆောင်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့၊ ဆင်ဆရာဝန် ဦးလင်းလင်းထွန်း ပါ(၄)ဦး၊ ငွေဆောင် ဘိနယ်တာဝန်ခံ တောအုပ် ဦးအောင်လှိုင်မိုး ပါ(၄)ဦးတို့မှ သွားရောက်စစ်ဆေးရာ ဆင်သေ ၁ ကောင်နှင့် လူ ၂ ဦး ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ ယနေ့ သတင်းထုတ်ပြန်ပါသည်။


ပူးပေါင်းအဖွဲ့ မှ သဇင် ကျေးရွာနေ ငဒူး(ခ)ချစ်မင်းနိုင်(၃၉)နှစ်ပါကျား(၂)ဦးအားတွေ့ရှိစစ်မေးရာ လွန်ခဲ့သော ၃ ရက်ခန့် က အမည်မသိအမျိုးသား ၂ ဦးမှ ဆင်တစ်ကောင်ပစ်ခတ်သတ်ဖြတ်ထားသဖြင့် အရေခွံသယ်ရန် လာခေါ်၍ လိုက်ပါခဲ့ကြောင်း၊ ဆင်သရေများဝှက်ထားသည့်နေရာအား လိုက်လံပြသမည် ဖြစ်ကြောင်း သိရှိရသဖြင့် သွားရောက်ခဲ့ရာ သစ်ဖြူချောင်းဖျား၌ လွန်ခဲ့သော ၁ ရက်ခန့်က အဆိပ် ခဲသီးများလူးထားသည့် တူမီးသေနတ်ဖြင့် ယာလက်ပြင်အနောက်သို့ ပစ်ခတ်ခံရ၍ သေဆုံးနေသော အရေခွံခွာထားသည့် အမြင့် ၈ ပေ၊ လုံးပတ် ၁၄ ပေ ၅ လက်မ၊ အလျား ၁၁ ပေ၊ အစွယ်မပါ ဆင်ထီး ၁ ကောင်အား တွေ့ရှိပြီး ၎င်းဆင် သေကောင်အနီး လျှိုထဲ၌ ၁/၂ ပေ ပတ်လည် ဆိုဒ်စုံ (မစိုမခြောက်)ဆင်သားရေ ၄၁ ချပ်အား တွေ့ရှိခဲ့သည်။

 ပူးပေါင်းအဖွဲ့မှ ဆက်လက်ရှာဖွေရာ သစ်ဖြူချောင်းဖျားရှိ ငဒူး(ခ)ချစ်မင်းနိုင် နေထိုင်သည့် တဲအနီးရှိ တောထဲမှ အရှည် ၃ ပေခန့်ရှိ သံတူရွင်း ၁ ချောင်း၊ အရှည် ၂ ပေခွဲခန့်ရှိ သစ်သားဒူးလေး ၁ လက်၊ ဒူးလေးကိုယ်ထည် ၁ ခု၊ အရှည် ၄ ပေခန့်ရှိ တူမီးသေနတ် ၁ လက်၊ ယမ်းမှုန့် ၆ ထုတ်၊ ပလပ်စတစ် ယမ်းကတ် ၁၆ ခု၊ အဆိပ်များထည့်ထားသည့် ပင်နီဆလင် ၅ လုံး၊ ဝါးမြှားတံ ၆ ချောင်း၊ သံမြှားခေါင်း ၄ ခုနှင့် အခြားဆက်စပ် ပစ္စည်းများတွေ့ရှိသိမ်းဆည်းခဲ့ပြီး အမှုဖွင့်ရန်စီစဉ်ထားရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

သစ်ထူးလွင်
ပုသိမ်မြို့နယ်၌ ဆင်သေ ၁ ကောင်နှင့် လူ ၂ ဦး ဖမ်းဆီးရမိ ပုသိမ်မြို့နယ်၌ ဆင်သေ ၁ ကောင်နှင့် လူ ၂ ဦး ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 21:29 Rating: 5
Powered by Blogger.