ရွာကို ဝင်ပစ်လို့ ထွက်ပြေးလာလို့ ဒုက္ခသည်ပြော


ရခိုင်ပြည်နယ်ထဲ ပြီးခဲ့တဲ့နှစ်က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေအတွင်း ရွာကို ဝင်ပစ်တာကြောင့် ထွက်ပြေးလာတယ်လို့ ဘင်္ဂလားဒေ့ရှ် မြန်မာ နယ်စပ်မျဉ်း အနီးမှာ ခိုလှုံနေတဲ့ ဒုက္ခသည် တဦးက ဘီဘီစီကို ပြောပါတယ်။

ဘယ်လက်နက်ကိုင်အဖွဲ့က ပစ်ခတ်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း မပြောပေမယ့် လက်လွတ်စပယ် ပစ်ခတ်မှုကြောင့် လူတချို့ ဒဏ်ရာရသွားတယ်လို့ နယ်စပ် မျဉ်းနားမှာ ခိုလှုံနေတဲ့ မောင်တော မြို့နယ် မြောက်ပိုင်း မဲဒီကျေးရွာမှာ နေထိုင်တဲ့ ဦးဒေးမွန်က အဲဒီနေရာကို ရောက်နေတဲ့ ဘီဘီစီ သတင်းထောက်ကို ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ဒုက္ခသည် စခန်းတွေကို ရောက်သွားရင် ကိုယ့်နိုင်ငံ ကိုယ် ဒေသကို ပြန်ဖို့ ဘယ်လောက်ကြာမယ်ဆိုတာ မသိတာကြောင့် ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည် စခန်းကို မသွားဘဲ ဒီနေရာမှာ ခိုလှုံနေတာလို့ ဆိုပါတယ်။

ဒီနေရာမှာ ပဋိပက္ခကြောင့် ထွက်ပြေးလာတဲ့ ဒုက္ခသည် ၅၀၀၀ လောက် မိုးကာ ရွက်ဖျင်တွေနဲ့ တည်ဆောက်ထားတဲ့ တဲတွေထဲမှာ နေထိုင် နေတယ်လို့ ဘီဘီစီ သတင်းထောက်က သတင်းပေးပို့ပါတယ်။

တဲတွေ တည်ဆောက်ထားတဲ့နေရာဟာ တောင်နှစ်လုံးကြားက အနိမ့်ပိုင်းနေရာမှာ ဖြစ်တာကြောင့် မိုးတွင်းကာလမှာတော့ နေထိုင်ဖို့ အခက်အခဲရှိနိုင်တယ်လို့ ဆိုပါတယ်။

ပြန်ကြားရေး ဝန်ကြီးဌာနရဲ့ အစီအစဉ်နဲ့ ရခိုင်ပြည်နယ် မောင်တောဒေသကို ဘီဘီစီ သတင်းထောက်တွေပါတဲ့ သတင်းမီဒီယာအဖွဲ့တွေ သွားရောက်ခဲ့ရာမှာ မနေ့က ဘင်္ဂလားဒေ့ရှ် နယ်စပ်ကို ရောက်ရှိခဲ့ပြီး ဒီနေရာမှာ ခိုလှုံနေတဲ့ ဒုက္ခသည်တွေနဲ့ စကားပြောခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။

အစိုးရက ဆောင်ရွက်နေတဲ့ ပြန်လည်လက်ခံရေး လှပိုးခေါင် စခန်းတွေကို သွားရောက်ခွင့်ရခဲ့ပေမယ့် မွတ်စလင်ရွာတချို့ကိုတော့ သွားရောက်ခွင့် မရဘူးလို့ ဆိုပါတယ်။

BBC Burmese
http://www.bbc.com/burmese
ရွာကို ဝင်ပစ်လို့ ထွက်ပြေးလာလို့ ဒုက္ခသည်ပြော ရွာကို ဝင်ပစ်လို့ ထွက်ပြေးလာလို့ ဒုက္ခသည်ပြော Reviewed by THITHTOOLWIN on 08:45 Rating: 5
Powered by Blogger.