အညာမြေဒေသ၏ ထန်းပင်အသုံးဝင်သော်လည်း မပြုန်းတီးစေချင်


ထန်းပင်သည် အညာကျေးလက်ဒေသများ၏ အလှတရား၊ စာဆိုရှင်တို့၏အနုပညာ၊ ကျေးလက်နေပြည်သူတို့၏ တန်ဖိုးထားရာဖြစ်သည်။ အသီး၊ အရွက်၊ အလက်၊ အပင်၊ အမြစ်မှစ၍ အသုံးဝင်လှသည်မှာ ထန်းပင်ဖြစ်သည်။ ''ထန်းပင်ထန်းလက် ထန်းရွက်တွေက တစ်မျှော်တစ်ခေါ်ပါ မောင်ရယ် ကြက်သွန်ခင်းရဲ့ အလယ် ညီညွှတ်ရင်းနဲ့ အသက်ရှည်ရှည် ခင်ခင်မင်မင် လက်ရည်တစ်ပြင်တည်း ရှေးကထက် ပိုချစ်ကြမယ်''ဆိုသည့်အတိုင်း အညာမြေဒေသ၏ ဂုဏ်ယူဖွယ်ရာသင်္ကေတဖြစ်သည့် ထန်းပင်၊ ထန်းတောကြီးများကို အေးမြစိမ်းစိုစွာ အစုလိုက်အတန်းလိုက် မြင်တွေ့ရမည်ဖြစ်သည်။
ယခုအခါ ကျေးလက်ဒေသနှင့် မြို့ပေါ် ရပ်ကွက်များတွင် လူနေအိမ်များနှင့် အရောင်းဆိုင်ခန်းများဆောက်လုပ်ရာတွင် တန်ဖိုးကြီးသစ်များအစား အပင်ရင့် ထန်းခွဲသားများအား တွင်ကျယ်စွာ အသုံးပြုလျက်ရှိပြီး ထန်းခွဲသား ဈေးကွက် အရောင်းအဝယ်ဖြစ်လျက်ရှိသည့်အပြင် ထန်းပင်ကို ကုန်ချောပြုလုပ်၍ ပရိဘောဂ လုပ်ငန်းအဖြစ် တွင်ကျယ်စွာ လုပ်ကိုင်လာကြသည်။

''ပင်ရင့်ထန်းခွဲသားက အခြားသစ်မာအမျိုးအစားတွေထက် ပိုမာကျောပြီး အကြမ်းခံတယ်၊ ရေမစိုရင် နှစ်ပေါင်းအတော်ကြာတဲ့အထိအောင် ပိုးထိုးဆွေးမြည့် တာမျိုး မရှိဘူး၊ အဘိုးဆောက်တဲ့အိမ် မြေးတစ်သက်နေ လို့ရတယ်'' မြင်းကင်း ကျေးရွာမှ အသက် ၆ဝ ကျော်ရှိ လက်သမားဆရာ တစ်ဦးက ပြောသည်။

ထန်းသားကို မြို့ပေါ်ရှိ စားသောက်ဆိုင်များ လက်ဖက်ရည်ဆိုင်များနှင့် ဟိုတယ် များမှာ(Country Style)အဖြစ် အသုံးပြုတည်ဆောက်လာကြ သည်။ ကျေးရွာ များတွင် ထန်းသားကို အိမ်တိုင်၊ ထုပ်တန်း၊ လျောက်တန်းတွေအတွက် သစ်ဝါး အစားထိုးအသုံးပြုကြသည်။ နှစ် ၇ဝ သက်တမ်းရင့်အပင်များကို ခုတ်လှဲပြီး အသုံးပြု ကြရသည်ဟု ၄င်းက ဆိုသည်။

ထန်းလုပ်ငန်းလုပ်ကိုင်သူလည်း နည်းပါးလာ

မကွေးမြို့မှဒေသခံတစ်ဦးက ''သစ်တွေကဈေးကြီးလာသလို တန်ဖိုးကြီးတဲ့ သစ်ဝါးတွေအစား အပင်ရင့်ထန်းခွဲသားတွေ အစားထိုးသုံးစွဲမှုများပြား လာတော့ ထန်းသားဈေး ထန်းပင်ဈေးလည်း ဈေးနှုန်းမြင့် တက်လာ တယ်''ဟု ပြောသည်။

ထန်းသား (၅ x ၂) ပေအရှည် ၁၆ ပေ တစ်ချောင်းကို ငွေကျပ် ၇ဝဝဝ ပေးရပြီး ထန်းတစ်ပင် သုံးသောင်းကျပ်ရှိသည်။ ထန်းတစ်ပင် ခုတ်လှဲပြီး (၄ x ၂) ပေအရှည် လေးချောင်းနှင့် (၅ x၂) ပေအရှည် လေးချောင်းကိုရရန် လက်ခငွေကျပ် လေး သောင်းပေးရသည်။ ထန်းတစ်ပင်ကို ခုတ်လှဲခွဲစိတ် လျှင် အိမ်တိုင်ငါးလုံးနှင့် လေးပေ နှစ်လက်မချောင်း ခုနစ်ချောင်းရရှိကြောင်း၊ သုံးပင်၊လေးပင် နေအိမ်တစ်လုံးဆောက် လျှင် ထန်းငါးပင်ခန့် ခုတ်လှဲ ရကြောင်း ¤င်းက ဆက်လက်ပြောပြသည်။ ထို့အပြင် မကွေးမြို့အနီးရှိ ထုံးပေါက်တော၊ ကင်း၊ အုတ်ဖို၊ ကံပြား၊ ဇီးကျွန်းနှင့် အနီးဝန်းကျင် ကျေးရွာများတွင်လည်း ထန်းတောများကို ခပ်စိပ်စိပ် တွေ့မြင်ရပြီး ခုတ်လှဲရမည့် သက်ရင့်ပင်များကို ပင်ပြတ်ဈေးနှုန်းအဖြစ် ယခင်က ငွေကျပ် ၁၅ဝဝဝ ဝန်းကျင်ရှိရာမှ ယခုအခါ ငွေကျပ် ၃၅ဝဝဝ ဝန်းကျင်အထိ ဈေးပေါက်လျက်ရှိကြောင်း သိရသည်။

ထန်းပင်တို့၏ ပျမ်းမျှအမြင့်မှာ ပေ ၆ဝ မှ ၈ဝ ဝန်းကျင်ဖြစ်ပြီး ထိုထက်မြင့် သည့် အပင်များလည်း ရှိတတ်သေးသည်။ ထန်းပင်တို့၏ သက်တမ်းမှာ နှစ် ၁၅ဝ မှ ၂ဝဝ အထိရှိသည်။ ယခုအခါ ထန်းပင်တက် လုပ်သားရှားပါးလာပြီး၊ ထန်းလုပ်ငန်းလုပ်ကိုင် လာသူလည်း နည်းပါးလာသည်ဟု ဆိုကြသည်။

ထန်းပါကေးကုန်ချောပစ္စည်းများကို လာရောက်ပြသ

''မကွေးမြို့နယ်အတွင်းက ကျေးလက်ဒေသတွေမှာ ထန်းပင်အခြေကို ထိုင်ခုံ များအဖြစ်အသုံးပြုကြပြီး ထန်းပင်ရဲ့ပင်စည်ကိုတော့ တံတားထိုးခြင်းနဲ့အဆောက် အအုံတွေ ဆောက်လုပ်တဲ့နေရာမှာ အသုံးပြုကြပါတယ်၊ ဒါ့အပြင် ထန်းရွက်ကိုတော့ အိမ်ခေါင်မိုးတွေနဲ့ ကာဖို့အတွက် အသုံးပြုကြပြီး ထန်းလက်ကိုတော့ ကုလားထိုင် တွေပြုလုပ်တဲ့နေရာမှာ အသုံးပြုလာကြပါတယ်''ဟု သဲရင်းတောကျေးရွာမှ ဦးကြည်ခိုင်က ပြောသည်။

မကွေးမြို့ရှိ ဗိုလ်ချုပ်ကြေးရုပ်ပန်းခြံနှင့် လွတ်လပ်ရေးပန်းခြံကြားလမ်းတို့တွင် ရခိုင် ပြည်နယ်၊ ချင်းပြည်နယ်နှင့် မကွေးတိုင်းဒေသကြီးတို့မှ အသေးစား စီးပွားရေးလုပ်ငန်း ရှင်များ ပူးပေါင်းပါဝင်သော နိုင်ငံတော်အသိအမှတ်ပြု ဒေသဆိုင်ရာMSME ထုတ်ကုန်များ ပြသရောင်းချပွဲကို သုံးရက်ကြာ ကျင်းပခဲ့သည်။ ထိုပွဲ၌ ပခုက္ကူမြို့ စက်မှုဇုန်မှ ထန်းပင်၏ ခုတ်ဖြတ်ထားသော ထန်းသားများကို ပေါင်းပြီးသား ထန်းပါကေး ကုန်ချောပစ္စည်းများကို လာရောက် ပြသပေးခဲ့သည်။

တန်ဖိုးရှိအောင်လုပ်ချင်

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက ''ဒီလိုပွဲမျိုးကို ဆက်လက်လုပ်ဆောင်မယ့် ဧရာဝတီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသ ကြီးနဲ့ ရှမ်းပြည်နယ်တို့ကပါ လာရောက်လေ့လာကြပါတယ်၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးတဲ့ ပြပွဲတစ်ခုဖြစ်တဲ့အပြင် တိုင်းရင်းသားအချင်းချင်း ချစ်ကြည် စည်းလုံးမှုကိုပြသတဲ့ အောင်ပွဲလို့လည်း ပြောလို့ရပါတယ်၊ ကျွန်တော်တို့ နိုင်ငံမှာ စီးပွားရေးလုပ်ငန်းအားလုံးရဲ့ ၉၉ ဒသမ ၉ ရာခိုင်နှုန်းဟာMSMEs များဟု ဆိုပေ မယ်လို့ ကျွန်တော်တို့ မကွေးတိုင်းဒေသကြီးမှာတော့ MSMEs လုပ်ငန်းက ရာနှုန်း ပြည့်လို့ ပြောရမှာပါ၊ ဒါ့ကြောင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ ဆောင်ရွက်ရာမှာ MSMEs တွေကို စနစ်တကျ ကူညီပံ့ပိုးပေးနိုင်တာနဲ့အမျှ တိုင်းဒေသကြီးရဲ့ လူမှုစီးပွား ဘဝတွေဟာလည်း ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါတယ်''ဟု ပြောကြားခဲ့သည်။

ပြပွဲ၊ ပြိုင်ပွဲတွင် မကွေးတိုင်းဒေသထွက်ကုန်ပစ္စည်းများဖြစ်သည့် နှမ်း၊ မြေပဲ၊ ဆီ၊ စလင်းဝက်သည်းကန်မှ ပဒုမ္မာကြာဖြင့် ပြုလုပ်သည့်ပစ္စည်းများ၊ ထန်းပင်နှင့်ပြုလုပ်သည့် ပရိဘောဂပစ္စည်းများ၊ မကွေးနည်းပညာ တက္ကသိုလ်မှ တီထွင်မှုပစ္စည်းများနှင့် ဒေသထွက်ကုန်များ၊ ချင်းပြည်နယ်မှ ဒေသထွက်သီးနှံများနှင့် ရိုးရာယဉ်ကျေးမှု ထုတ်ကုန်ပစ္စည်းများ၊ ရခိုင်ပြည်နယ်မှ ရေထွက်ပစ္စည်းများဖြစ်သည့် ပုစွန်ခြောက်၊ ငါးခြောက် စသည်တို့နှင့် ရိုးရာထုတ်ကုန်ပစ္စည်းများ၊ အလတ်စားစီးပွားရေး လုပ်ငန်းရှင်များ၏ ဒေသထွက်အစားအစာနှင့် ဖျော်ရည်အမျိုးမျိုး ၊ အလှကုန်နှင့် လူသုံးကုန် ပစ္စည်းအမျိုးမျိုးကို ပြသရောင်းချလျက်ရှိသည်။

ပခုက္ကူ စက်မှုဇုန်မှSEIN SOE SAN COMPANY LTD. သစ်အချောထည် စက်ရုံမှ Production မန်နေဂျာ ဦးဆန်းဝင်းက ''ကျွန်တော်တို့ အရင်တုန်းက သစ်လုပ်ငန်းလုပ်တယ်၊ လွန်ခဲ့တဲ့ နှစ် နှစ်ဆယ်လောက်က သစ်လောကကို ဖြတ်သန်းလာတော့ အခု အညာဒေသကို ရောက်လာပြီး ကျွန်တော်တို့ အညာဒေသမှာ သယံဇာတတွေရှိတယ်၊ ပြီးတော့ ဒါလေး တွေကို စနစ်တကျ စည်းကမ်းရှိရှိနဲ့ အသုံးကျအောင်လို့ မန်နေးဂျင်း ဒါရိုက်တာရယ်၊ ကျွန်တော်ရယ် ပူးပေါင်းမိတော့ ထန်းသားထန်းမြစ် အလေအလွင့်တွေကို တန်ဖိုးမြင့်အောင်၊ တန်ဖိုးရှိအောင်လုပ်ချင်ပြီးတော့ ပခုက္ကူမှာပဲ တွေ့ကြတယ်၊ အဲ့ဒီလို တွေ့ကြပြီး သူ့ရဲ့အိပ်မက်နဲ့ ကျွန်တော်တို့ လက်တွေ့ အကောင်အထည်ဖော်ဖြစ် ကြတယ်၊ သူများနိုင်ငံကို ကုန်ကြမ်းအဖြစ် မရောင်းချင်ဘဲ ကုန်ချောအနေနဲ့ ကိုယ့်နိုင်ငံမှာ ကုန်ချောအဖြစ် ထုတ်လုပ်ချင်တဲ့ စိတ်နဲ့တစ်ဦးနဲ့တစ်ဦး ပူးပေါင်း အကောင်အထည်ဖော်မိတယ်၊ မရောင်းရလည်း ကိုယ့်ဘာသာကို သုံးမှာပါ''ဟု ပြောသည်။

ထိန်းသိမ်းကာကွယ်မှုများပြုလုပ်ရန်လိုအပ်

သုံးထားပြီး စွန့်လွှတ်ထားသော ထန်းသား ထန်းမြစ်များကို ရေရှည်ခံ ရေစိုခံနိုင်ရန် ပေါင်းပြီးသား ထန်းပါကေးအဖြစ် SEASONS နဂါးဆက်တီ အကြီး၊ SEASONS ပန်းဆက်တီအကြီး ၊ SEASONS EUဆက်တီအကြီး၊ ကျောကော့ အလတ်တို့ကို တစ်ယောက်ထိုင်ခုံ လေးလုံး၊ သုံးယောက်ထိုင်ခုံ တစ်လုံးနှင့် Side Table ၊ Center Table များ ထုတ်လုပ်ထားသည်။ အသေးဆုံး ဆေးလိပ်ခံခွက်မှ လည်ရှည်လည်တို ပန်းအိုးများ၊ ရေနွေးအိုးအစုံ၊ ဝိုင်ခွက်၊ မြသပိတ်၊ ကလပ်၊ ထမင်းကြုတ်နှင့် ပွတ်လုံးကုလားထိုင်၊ ရိုးရိုးကုလားထိုင်၊ တံခါးပေါက်၊ အိပ်ခုတင်အထိ ထုတ်လုပ် ထားသည်။ အသေးဆုံးပစ္စည်း ငွေကျပ် ၃၅ဝဝ မှ ဆက်တီအစုံ ငွေကျပ် ၉၄ သိန်းကျော် အထိ ထုတ်လုပ်ထားသည်ဟု ၎င်းထံမှ သိရသည်။

ခေတ်မီဖွံ့ဖြိုးလာသောခေတ်အခြေအနေမှာ စားသောက်ဆိုင်များနှင့် လက်ဖက် ရည်ဆိုင်များဖွင့်ရန်အတွက်လည်း စီးပွားရေးလုပ်ငန်းရှင်များက စားသုံးသူများ ကိုဆွဲဆောင်ရန် ရိုးရာဓလေ့ဆန်သည့် ထန်းပင်များကို အသုံးပြုလာကြသည်။ အညာဒေသ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသ ကြီးများရှိ မြို့နယ်အတွင်း သွားလေရာဒေသလမ်းတစ်လျှောက်တို့တွင် မြင်တွေ့ရသော လမ်းဘေး တဲကလေးများ၊ စားသောက်ဆိုင်အများစုမှာ အဆောက်အအုံများ ဆောက်လုပ်ရန် ထန်းပင်ကိုအရင်းအမြစ်အဖြစ် အသုံးပြုလာသည်ကို မြင်တွေ့နိုင်ကြ သည်။ ကျေးလက်ဒေသများအထိ ထန်းသားများကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြု လာခြင်းက သစ်အသုံးမပြုနိုင်သူများအတွက် ကောင်းကျိုးတွေဖြစ်လာနိုင်သော် လည်း ထန်းပင်များကို တွင်တွင် ကျယ်ကျယ် ခုတ်လှဲရောင်းချပြီး ထန်းတောကြီးများ ပျက်သုဉ်းသွားနိုင်ခြင်း မရှိရန် ထိန်းသိမ်းသင့်သည်။ ထို့ကြောင့် စိမ်းလန်းစိုပြည်ရေးကို ထိခိုက်စေနိုင်သလို သဘာဝရာသီဥတု ဂေဟစနစ်ကိုလည်း ပျက်စီးနိုင်သည့်အတွက် ထန်းပင်၊ ထန်းတောကြီးများ မပျက်စီး၊ မပျောက်ပျက်စေရေးအတွက် ထိန်းသိမ်း ကာကွယ်မှုများပြုလုပ်ရန် လိုအပ်သည်ဟုလည်း ဆိုရမည်ဖြစ်သည်။ ။

ဇွဲထက်ရှင်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
အညာမြေဒေသ၏ ထန်းပင်အသုံးဝင်သော်လည်း မပြုန်းတီးစေချင် အညာမြေဒေသ၏ ထန်းပင်အသုံးဝင်သော်လည်း မပြုန်းတီးစေချင် Reviewed by THITHTOOLWIN on 09:20 Rating: 5
Powered by Blogger.