ရိုက်နှက်ခံရတဲ့ကလေးကိစ္စကို ရဲတပ်ဖွဲ့က အမှုဖွင့်စစ်ဆေး


မတ္တရာ၊ ဧပြီ ၂၆

"ဘုန်းကြီးတစ်ပါးက ကလေးတစ်ယောက်ကို ဆံပင်ဆွဲ တုတ်နဲ့ရိုက်နှက်၊ မျက်နှာကို လက်နဲ့ရိုက်နှက် နေတဲ့ဗီဒီယိုဖိုင် " ၂ ခု အခုရက်ပိုင်းအတွင်း ဖေ့ဘွတ်လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့လျက်ရှိပါတယ်။

ဒီကိစ္စနဲ့ပတ်သတ်လို့ အရိုက်ခံရတဲ့ ကလေးငယ်ရဲ့ မိသားစုဟာ ရဲစခန်းမှာ တိုင်တန်းအမှုဖွင့်လို့ ရဲတပ်ဖွဲ့က လက်ခံစစ်ဆေးနေပြီလို့ မတ္တရာရဲစခန်းက ဒီကနေ့ နေ့လည်ပိုင်းမှာ ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

အဆိုပါ ဖြစ်စဉ်ဟာ မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် ၊တောင်ကန်အုပ်စု၊ ကင်းရွာ လွင်ဦးကျောင်း(ဒေသခံအခေါ် -တောင်ကျောင်း)မှာ ဧပြီ ၂၁ ရက်နေ့ နေ့လည် ၁၂ နာရီခွဲလောက်က ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ဖေ့ဘွတ်ပေါ်မှာ ပျံ့နှံ့လျက်ရှိတဲ့ ဗီဒီယိုဖိုင် ၃ ခုအထဲမှာတော့ ဘုန်းကြီးတွေက ၀ိုင်နေပြီး ဘုန်းကြီးတစ်ပါးက ကလေးတစ်ယောက်ကို ဆံပင်ဆွဲတုတ်နဲ့ရိုက်နေတဲ့ ဗီဒီယိုဖိုင်တစ်ခု၊ ဆံပင်ဆွဲ လက်နဲ့ မျက်နှာကိုဖြတ်ရိုက်နေတဲ့ ဗီဒီယိုဖိုင်တစ်ခု နဲ့ အရိုက်ခံရတဲ့ ကာယကံရှင်ကလေးငယ်ရဲ့ မိသားစုဝင်တွေက ဘုန်းကြီးကျောင်းမှာ ရန်လာတွေ့တဲ့ဗီဒီယိုဖိုင်တစ်ခု တို့ ပါဝင်ပါတယ်။

အရိုက်ခံရတဲ့ကလေးကတော့ ကင်းရွာမှာပဲနေထိုင်တဲ့ မောင်ဝေဖြိုးနိုင် ဖြစ်ပြီး ၈တန်းဖြေဆိုထားတဲ့ကျောင်းသားတစ်ဦးဖြစ်ကြောင်း၊ မိဘတွေကတော့ ဆင်းရဲလို့ တောတိုးသစ်ခုတ်ဝါးခုတ်အလုပ်လုပ်ကြတယ်လို့ ကင်းရွာသားတစ်ဦးဖြစ်တဲ့ ကိုဒေါင်းလန်းက ပေါ်ပြူလာနယူးစ်ကိုပြာပါတယ်။

မတ္တရာရဲစခန်းကို ဆက်သွယ်မေးမြန်းရာမှာ "အမှုစစ်ဆေးတုန်းပဲ" လို့ စခန်းရဲ့တာဝန်ကျတာဝန်မှူးက ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

ဘုန်းကြီးကျောင်းဝင်းအတွင်း ကလေးငယ် ၂ ယောက် သရက်သီးကောက်နေရာကနေ အခုအရိုက်ခံရတဲ့ကလေးငယ်က "ခွေးပါးစပ်က နတ်စကားထွက်တယ်" လို့ ပြောမိကြောင်း ၊ အပြောခံရတဲ့ကလေးက ဘုန်းကြီးကိုသွားတိုင်ရာကနေ ဘုန်းကြီးတွေက အခုလို ရိုက်နှက်ခြင်းဖြစ်ကြောင်း ဒေသခံတွေက ပြောဆိုကြပါတယ်။

ရွာသားကိုဒေါင်းလန်းက " ကလေးကိုရိုက်တဲ့ ဦးဇင်းက ဘွဲ့တော်တော့မသိဘူး။ ဒါပေမဲ့ ငယ်နာမည် မောင်စိုးလို့ခေါ်တဲ့အတွက် သူ့ကို အားလုံးက ဦးဇင်းစိုး လို့ခေါ်ကြတယ်။ အခုကလေး အရိုက်ခံရတဲ့ကိစ္စက ဥပုတ်သည်တွေကို ထမင်းကျွေးဖို့ သရက်ချဉ်သုပ်ဖို့ သရက်သီးကောက်ရင်း ကလေးအချင်းချင်း စကားနိုင်လုကြရာက "ခွေးပါးစပ်ကနတ်စကားထွက် " ဆိုပြီးပြောလိုက်တာ။ အပြောခံရတဲ့ကလေးက သွားတိုင်တော့ ပြောတဲ့ကလေးကို ဦးဇင်းစိုး က အခုလို အရိုက်ခံရတာပဲ။ အဲဒီ ခွေးပါးစပ်က နတ်စကားထွက်ဆိုတဲ့စကားလုံးက ဦးဇင်းစိုးအတွက် နည်းနည်းအခံရှိတယ်။ တစ်ချို့အရာတွေက မသေချာလို့ကျွန်တော်ထည့်မပြောတော့ဘူး။ အခုကျွန်တော်ပြောတဲ့ကိစ္စတွေကတော့ ကျွန်တော်တို့ တစ်ရွာလုံးလက်ခံထားတဲ့အချက်အလက်တွေပဲ" လို့ ရှင်းပြပါတယ်။

အမှုနဲ့ပတ်သတ်လို့ လက်ရှိအခြေအနေကိုသိရဖို့ မန္တလေးတိုင်းဒုတိုင်းတပ်ဖွဲ့မှူး ရဲမှူးကြီး ခင်ဇော် အပါအ၀င် တိုင်းရဲတပ်ဖွဲ့၊ မတ္တရာရဲတပ်ဖွဲ့၊ မတ္တရာမြို့မရဲစခန်း တာဝန်ရှိသူတွေအားလုံးကို ပြန်လည်ဖြေကြားပေးခြင်းမရှိပါဘူး။

မတ္တရာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းလွင် ကို မေးမြန်းရာ "ဗီဒီယိုဖိုင်က အွန်လိုင်းပေါ်တက်လာတယ်ပေါ့နော်။ လက်ရှိကာယကံရှင်ရဲ့မိသားစု က ရဲစခန်းမှာတိုင်ချက်ဖွင့်ထားတယ်။ ဒါက ရဲတပ်ဖွဲ့အပိုင်း ကျန်တဲ့အပိုင်းကတော့ သံဃာလိုင်းက တစ်လိုင်းပေါ့ ။ အက်ရှင်ယူဖို့လုပ်နေတယ်လို့တော့သိရတယ်။ ဒါက အုပ်ချု့ပ်ရေးအပိုင်းကလုပ်ရမယ့်အပိုင်းဖြစ်သလို
ကျွန်တော်တို့ကစောင့်ကြည့်ရမယ့်အပိုင်းပေါ့နော်။ ဗီဒီယိုဖိုင်အထဲမှာက ကြည့်တော့ ရိုက်ခံရတဲ့အတိုင်းအတာမှာ ဆုံးမတဲ့ပုံစံမျိုးမပေါက်တာ " လို့ ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

မတ္တရာမြို့နယ် တိုင်းဒေသကြီး ၂ လွှတ်တော်ကိုယ်စားလှယ်ဦးမင်းမင်းက လည်း အဆိုပါဖြစ်စဉ်နဲ့ပတ်သတ်ပြီး အခုလိုပြောပါတယ်။

"နှစ်ဘက်ပြောတဲ့ ဟာကို သေသေချာချာမသိဘူးလို့ပြောရမှာပေါ့ဗျာ။ ကလေးကတော့ စကားပြောတာမတက်လို့လို့သိရတယ်။ တစ်ဘက်ကတော့လည်း ကလေးက သရက်သီးခိုးခူးတာလို့ ပေါင်းစုံကိုပြောကြတာပဲ။ ဘယ်ဟာကိုမှတော့ အတိအကျတော့ ယုံလို့မရဘူးပေါ့ဗျာ။ ဒါပေမဲ့ ဘာကြောင့်ပဲဖြစ်ဖြစ် ဒီလိုလုပ်တာတော့မကောင်းဘူးပေါ့ဗျာ။ ကျွန်တော်တို့က ဟိုဘက်ဒီဘက် ၀င်ရောက်စွက်ဖက်တာမျိုးတော့မလုပ်ပါဘူး။ ကာယကံရှင်ဘက်က မကျေနပ်ဘူးပြောတယ်။ ဆေးရုံမှာဆေးစာလိုချင်တယ်ပြောတာရယ် ရဲစခန်းမှာ အမှုဖွင့်ချင်တယ်ဆိုတာကိုတော့ ကျွန်တော်လမ်းညွှန်ကူညီပေးလိုက်တယ်" လို့ ဦးမင်းမင်းက ပြောပါတယ်။

အရိုက်ခံရတဲ့ကလေးကတော့ ပြင်ပဒဏ်ရာအနေနဲ့ နောက်ကျောမှာရိုက်ခံထားရတဲ့ဒဏ်ရာ၊ ရင်ဘတ်မှာရိုက်ခံထားရတဲ့ဒဏ်ရာ၊ မျက်နှာပေါက်ပြဲဒဏ်ရာ၊ တို့ရရှိပြီး အတွင်းဒဏ်ရာအနေနဲ့ တော့မသိရသေးဘူးလို့ ရွာသားကိုဒေါင်းလန်းက ဆိုပါတယ်။

လက်ရှိအခြေအနေကတော့ ကလေးအရိုက်ခံရတဲ့ဖြစ်စဉ်နဲ့ပတ်သတ်ပြီး မျက်မြင်သက်သေတွေကို စစ်ဆေးနေတုန်းအခြေအနေဖြစ်တယ်လို့သိရပါတယ်။

Photo- ကိုဒေါင်းလန်း
Popular News Journal
https://www.facebook.com/popularnewsjournal/
ရိုက်နှက်ခံရတဲ့ကလေးကိစ္စကို ရဲတပ်ဖွဲ့က အမှုဖွင့်စစ်ဆေး ရိုက်နှက်ခံရတဲ့ကလေးကိစ္စကို ရဲတပ်ဖွဲ့က အမှုဖွင့်စစ်ဆေး Reviewed by THITHTOOLWIN on 21:34 Rating: 5
Powered by Blogger.