စစ်တွေဗုံးပေါက်ကွဲမှုဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသူ ၂ ဦးကို ပုဒ်မ ၃ ခုဖြင့် စွဲချက်တင်


နိရဉ္စရာ၊ ဧပြီ ၂၅

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ဗုံးပေါက်ကွဲမှု သံသယဖြင့် ဖမ်းဆီးခံထားရသူများအထဲမှ ဦးမောင်အေးဝင်းနှင့် ဦးမောင်ဦးမြင့်တို့ နှစ်ဦးကို ဧပြီလ ၂၄ ရက်နေ့က စစ်တွေမြို့ ခရိုင်တရား ရုံး၌ အမှု ၃ ခုဖြင့် စွဲချက်တင်လိုက်သည်ဟု သိရသည်။

ထိုအမှု ၃ ခုမှာ အကြမ်းဖက်တိုက်ဖျက်ရေးပုဒ်မများဖြစ်ပြီး အမှုအမှတ် ၂၉/၂၀၁၈ ရာဇသတ်ကြီး ပုဒ်မ ၅၀ (က) /(ဈ)၊ အမှုအမှတ် ၃၀/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၅၀ (ဈ) နှင့် အမှုအမှတ် ၃၁/၂၀၁၈ ရာဇသတ်ကြီး ပုဒ်မ ၅၀ (ဈ) များဖြစ်သည်ဟု သိရသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ဖြစ်ပွားခဲ့သော ဗုံး ၃ လုံး ပေါက်ကွဲ မှု သံသယဖြင့် စစ်တွေမြို့မရဲစခန်းတွင် ခေါ်ယူ စစ်ဆေး ခံခဲ့ရသူ ၉ ဦးရှိပြီး ထိုအထဲမှ ဦးမောင်အေးဝင်းနှင့် ဦးမောင်ဦးမြင့်တို့ကို ယခုကဲ့သို့ ပုဒ်မ ၃ ခုဖြင့် တရားစွဲဆိုလိုက်ခြင်း ဖြစ်သည်။

တရားစွဲဆိုခံရသည့် ဦးမောင်အေးဝင်းက “အစတုန်းက စစ်တွေတရားရုံးကနေ ဖောက်ခွဲမှုနဲ့ မဆိုင် ဆိုပြီးတော့ လွတ်ပေးလိုက်တဲ့အတွက် အမှတ် ၁ ရဲစခန်းကို ရောက်သွားပါတယ်။ စခန်းမှာ လက်မှတ်ထိုးခိုင်းပါတယ်။ အဲ့ဒီလက်မှတ်နဲ့ မြောက်ဦးမှာ ထပ်ပြီးတော့ ရမန်သွားတောင်းပါတယ်။ ပြီးတော့ ဒီစစ်တွေကို ပြန်လာပြီးတော့ ဒီနေ့မှာ ဒီမှာ ပြန်ပြီး တရားစွဲပါတယ်။ ကျနော်တို့အနေနဲ့ ဘုလည်းမသိ၊ ဘလည်းမသိဘဲ ဖေါက်ခွဲရေးမှုနဲ့ အစွဲခံထားရပါတယ်”ဟု ရုံးထုတ်ပြီး အချုပ်ကားပေါ် ပြန်မတက်မီ နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

ယင်းသို့ ဖမ်းဆီးပြီး အမှု ၃ ခုဖြင့် တရားစွဲဆိုခြင်းကို လုံးဝ မရားဟုမြင်ပြီး လူ့ အခွင့်အရေး ချိုးဖောက်သည်ဟု မြင်ကြောင်း ဦးမောင်အေးဝင်းနှင့် ဦးမောင်ဦးမြင့်တို့က ဆက်လက် ပြောကြားခဲ့သည်။

၎င်းပြင် မလွတ်ဘဲ ကျန်ရန်သူ ၄ ဦးအထဲမှ ဦးသန်းရွှေနှင့် မောင်မြင့်ကြည်တို့ကို မတ်လ ၂၉ ရက်နေ့က စစ်တွေတရားရုံးတွင် တရားမ၀င် နယ်စပ်ဖြတ်ကျော်မှု ၁၃ (၁) ဖြင့် တရားစွဲဆိုထားသည်ဟု သိရသည်။

စစ်တွေမြို့တွင် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ နံနက်က ပြည်နယ်တရားလွှတ်တော်ရုံးအနီး၊ ပြည်နယ် အုပ်ချုပ်ရေးမှူး ခြံဝင်း နှင့် ပြည်နယ်ဆည်မြောင်းရုံးအနီးတွင် ဆက်တိုက် ဗုံး ၃ လုံးပေါက်ကွဲခဲ့ပြီး လူနှစ်ဦးဒဏ်ရာ ရရှိကာ နောက်ထပ် မပေါက်ကွဲသေးသော ဗုံး ၃ လုံးကိုလည်း ပြည်နယ် ဆည်မြောင်းရုံးအနီးတွင် တွေ့ရှိခဲ့သည်ဟု သိရှိရသည်။

ဖမ်းဆီးခံခဲ့ရသူ ၉ ဦးထဲမှ ဦးနိုင်စိုး၊ ဦးမောင်မြင့်ရွှေ၊ ဦးရွှေထွန်းအောင်နှင့် ဦးတင်မြင့်ရွှေတို့ကို မတ်လ ၂၆ ရက်နေ့ ညတွင်လည်းကောင်း၊ ဦးမောင်သိန်းဦးကို ၂၇ ရက်နေ့ နံနက်တွင် လည်းကောင်း စစ်တွေမြို့မရဲစခန်းမှ အာမခံဖြင့် လွတ်ပေးခဲ့သည်ဟု သိရသည်။

စံမောင်သန်း၊ စစ်တွေ
Narinjara
https://www.facebook.com/Narinjara
စစ်တွေဗုံးပေါက်ကွဲမှုဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသူ ၂ ဦးကို ပုဒ်မ ၃ ခုဖြင့် စွဲချက်တင် စစ်တွေဗုံးပေါက်ကွဲမှုဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသူ ၂ ဦးကို ပုဒ်မ ၃ ခုဖြင့် စွဲချက်တင် Reviewed by THITHTOOLWIN on 20:47 Rating: 5
Powered by Blogger.