မင်းဘူး-အမ်း ကားလမ်းဘေး ပေ(၂၅၀)ခန့်ချောက်အတွင်းသို့ ဘုရားဖူးခရီးသည်တင်ယာဉ် ထိုးကျတိမ်းမှောက်၍ (၆)ဦးသေ၊(၂၃)ဦး ဒဏ်ရာရ


မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ်၊ မင်းဘူး-အမ်း ကားလမ်း(နတ်ရေကန်တောင်ရှောင်ကွင်းလမ်းပိုင်း)၌ ဘုရားဖူးခရီးသည်တင်ယာဉ် မီနီဘတ်စ်တစ်စီး ပေ(၂၅၀)ခန့်အနက်ရှိသော ချောက်အတွင်း ထိုးကျသွား၍ (၆)ဦးသေဆုံးပြီး (၂၃)ဦးဒဏ်ရာများရရှိသွားကြောင်း ဂုတ်ကြီးရဲကင်းစခန်းမှ သိရသည်။


ရခိုင်ပြည်နယ်ကျောက်ဖြူမြို့မှ ငဖဲမြို့နယ်ပဒါန်းကျေးရွာဘက်သို့ ယာဉ်မောင်းကျော်ဝင်းခိုင် မောင်း နှင်လာသော ဘုရားဖူးခရီးသည်တင်ယာဉ်သည် ဧပြီ(၁၁)ရက်နေ့ ညနေ(၅နာရီခွဲ)အချိန်ခန့်တွင် မင်းဘူး-အမ်းကားလမ်း (နတ်ရေကန်တောင်ရှောင်ကွင်းလမ်းပိုင်း) မိုင်တိုင်အမှတ် (၄၄/၄)မိုင်နှင့် (၄၄/၅)မိုင်အကြား ကုန်းဆင်းသို့ အရောက်၌ အရှိန်မထိမ်းနိုင်ဘဲ လမ်း၏ယာဘက် အနက်ပေ(၂၅၀)ခန့်ရှိ ချောက်အတွင်းသို့ ထိုးကျတိမ်းမှောက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်းသတင်းအရ ဂုတ်ကြီးရဲကင်းစခန်းမှူးရဲအုပ်ကျော်မျိုးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ပဒါန်းရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ဒေသခံများနှင့်အတူ ချောက်အတွင်းမှ ဒဏ်ရာများရရှိထားသော ကျား(၁၀)ဦး၊ မ(၁၃)ဦး နှင့် အခင်းဖြစ်နေရာတွင်သေဆုံးနေပြီ ဖြစ်သော ကျား(၅)ဦး၊ မ(၁)ဦးတို့ကို ကုန်းပေါ်သို့သယ်ဆောင်ပြီး ပဒါန်းတိုက်နယ်ဆေးရုံနှင့် မကွေးပြည်သူ့ ဆေးရုံတို့သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ယာဉ်မောင်းကျော်ဝင်းခိုင်မှာ အခင်းဖြစ်နေရာမှ ထွက်ပြေးတိမ်းရှောင်သွားသဖြင့် ငဖဲမြို့မရဲစခန်းမှ ယာဉ်(ပ)၄/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၇/၃၃၈ တို့ဖြင့် ဧပြီ(၁၂)ရက်တွင် အမှုရေးဖွင့်၍ ယာဉ် မောင်းအားဖမ်းဆီးရမိရန် စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်း - ဖီးနစ်
ဓါတ်ပုံ - ရဲတပ်ဖွဲ့
Tachileik News Agency
https://www.facebook.com/TachileikNewsAgency
မင်းဘူး-အမ်း ကားလမ်းဘေး ပေ(၂၅၀)ခန့်ချောက်အတွင်းသို့ ဘုရားဖူးခရီးသည်တင်ယာဉ် ထိုးကျတိမ်းမှောက်၍ (၆)ဦးသေ၊(၂၃)ဦး ဒဏ်ရာရ မင်းဘူး-အမ်း ကားလမ်းဘေး ပေ(၂၅၀)ခန့်ချောက်အတွင်းသို့ ဘုရားဖူးခရီးသည်တင်ယာဉ် ထိုးကျတိမ်းမှောက်၍ (၆)ဦးသေ၊(၂၃)ဦး ဒဏ်ရာရ Reviewed by THITHTOOLWIN on 17:59 Rating: 5
Powered by Blogger.