တိုက်ပွဲတွေကြောင့် ထွက်ပြေးလာတဲ့ ၈၀၀ နီးပါးကို ဘုရားကျောင်းတွေ မှာ နေရာစီစဉ်ပေး

တိုက်ပွဲတွေကြောင့် ထွက်ပြေးနေတဲ့ ဒေသခံတွေကို ကက်သလစ် ဘုရားကျောင်းမှာ နေရာစီစဉ်ပေးဖို့ ခေါ်ဆောင်လာစဉ်/ Photo: KBC KACHIN - facebook
KIA တပ်ရင်း ၁၁ အခြေစိုက်ရာ ကချင်ပြည်နယ် နမ္မတီးမြို့ ကဆုန့်ဒေသဘက်မှာ အစိုးရတပ်မတော်နဲ့ ကေအိုင်အေ တို့ တိုက်ပွဲပြင်းထန်နေတာကြောင့် ထွက်ပြေးနေတဲ့ ရွာနှစ်ရွာက ဒေသခံ ၈၀၀ နီးပါးကို ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ်က နမ္မတီးမြို့ပေါ်က ဘုရားကျောင်းတွေမှာ နေရာစီစဉ်ပေးထားပါတယ်။

ကဆုန့်နဲ့ ဆွတ်ယန်ရွာနှစ်ရွာက ဒေသခံတွေကို သွားခေါ်ပြီး ၃ နေရာခွဲကာ နေထိုင်ဖို့ စီစဉ်ပေးထားတယ်လို့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်က ဒေါက်တာ ဆမ်ဆွန်က ပြောပါတယ်။

"တစ်ချို့က မြစ်ကြီးနားဖက်က လှည့်ပြန်တဲ့အဖွဲ့က ၁၇၆ ယောက်ရှိတယ်။ ကျနော်တို့ကြိုပြီးတော့မှ နမ္မတီး ဘုရားကျောင်းမှာ နှစ်နေရာ၊ နှစ်ခြင်း KBC ဘုရားကျောင်းမှာ တစ်နေရာ သုံးနေရာခွဲပြီး နေရာချ ထားပေးပါတယ်၊ ဒီလထဲမှာပဲ ယာယီတဲတွေဆောက်ပြီး ဆက်လက်စောင့်ရှောက်ပေးထားမှာပါ။ အခု နမ္မတီးမှာ ရောက်နေတာ ကတော့ အားလုံး ၈၀၀ နီးပါးလောက်ရှိတယ်၊ လက်နက်ကြီးတွေ အမြှောက် တွေ၊ လေယာဉ်တွေနဲ့ပစ်လို့ ကြောက်ပြီးထွက်ပြေးကြတာပါ"

ဧပြီလ ၁၈ ရက်နေ့ကတည်း ကဆုန့်ဒေသဘက်မှာ ကေအိုင်အေ နဲ့ အစိုးရတပ်မတော်တို့ တိုက်ပွဲဖြစ်ပွားနေတာ ဖြစ်တယ်လို့ သိရပါတယ်။

အလားတူ တနိုင်းမြို့နယ်မှာ အစိုးရတပ်မတော်နဲ့ KIA ကချင်လွတ်မြောက်ရေးအဖွဲ့တို့ရဲ့ တိုက်ပွဲ တွေကြောင့် ထွက်ပြေးနေရတဲ့ ဒုက္ခသည် နှစ်ထောင်လောက်ဟာ သူတို့နေရပ်ကို ပြန်မလာနိုင်သေး ဘူးလို့လည်း ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

ဧပြီလ ၁၂ ရက်နေ့ကတည်းက အဲဒီဒုက္ခသည်တွေဟာ တောထဲရှောင်ပုန်းနေကြရကာ ဧပြီလ ၁၇ ရက်နေ့ကစပြီး အဆက်အသွယ်မရတော့ဘူးလို့ တနိုင်းမြို့ ကယ်ဆယ်ရေးအဖွဲ့က အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောပါတယ်။

"သူတို့က တိုက်ပွဲကို ကြောက်နေတဲ့သဘောဖြစ်တယ်။ တိုက်ပွဲထပ်ဖြစ်ရင် သူတို့ကြားညပ်ပြီးမှ ဒုက္ခရောက်မှာ ကို စိုးရိမ်လို့ သူတို့ကိုယ်တိုင်လည်း မထွက်လာရဲတာဖြစ်လိမ့်မယ်လို့ ယူဆပါတယ်။ သူတို့က ဖုန်းအားကုန်သွား လို့လားမသိဘူး၊ ၁၇ ရက်နေ့ကတည်းက ဆက်သွယ်လို့မရတော့ဘူးခင်ဗျ"

ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ကြက်ခြေနီအဖွဲ့တွေနဲ့အတူ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေက တနိုင်းမြို့ အောင်လော့ဒ် ရွာမှာ ဒုက္ခသည်တွေကို သွားရောက်ခေါ်ယူနေကြပြီး မှော်ထဲမှာ ရွှေတူးဖော်နေကြတဲ့ ရွှေ့ပြောင်းအလုပ်သမား ၁၀၀ ကျော်လောက်သာ အောင်လော့ဒ်ရွာကို ပြန်လာကြတယ်လို့ ပြောပါတယ်။

ဒီရက်ပိုင်းတွေအတွင်း ညပိုင်းတွေမှာလည်း လက်နက်ကြီးပစ်ခတ်သံတွေ တနိုင်းမြို့ပေါ်ကနေ ကြားနေရတယ် လို့လည်း တနိုင်းမြို့က ကယ်ဆယ်ရေးလုပ်နေတဲ့ဒေသခံက ပြောပါတယ်။

RFA Burmese
https://www.rfa.org/burmese
တိုက်ပွဲတွေကြောင့် ထွက်ပြေးလာတဲ့ ၈၀၀ နီးပါးကို ဘုရားကျောင်းတွေ မှာ နေရာစီစဉ်ပေး တိုက်ပွဲတွေကြောင့် ထွက်ပြေးလာတဲ့ ၈၀၀ နီးပါးကို ဘုရားကျောင်းတွေ မှာ နေရာစီစဉ်ပေး Reviewed by THITHTOOLWIN on 19:43 Rating: 5
Powered by Blogger.