ကန့်ကွက်မှုတွေရှိနေတဲ့ ဗိုလ်ချုပ်ကြေးရုပ်ကို ဆက်လက် အကောင်အထည် ဖော်မည်

ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ်ရှိ ပင်လုံရင်ပြင်က ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ကတွေ့ရစဉ်/ Photo: Htet Arkar/RFA
ချင်းပြည်နယ်၊ ထန်တလန်မြို့မှာ ပထမဆုံးအကြိမ် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ထုလုပ်ဖို့ မြို့နယ်စည်ပင် သာယာရေးကော်မတီက စီစဉ်နေတာကို နိုင်ငံရေးပါတီတချို့နဲ့ အဖွဲ့အစည်းတချို့က ကန့်ကွက်တာတွေရှိနေပေမယ့် ပြီးဆုံးတဲ့အထိ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ပြည်နယ်လွှတ်တော်ဥက္ကဌ က ဒီနေ့ ပြောပါတယ်။

ပြည်နယ်အစိုးရနဲ့ ပြည်နယ်လွှတ်တော်က ဒီကိစ္စအပေါ်မှာ ကန့်ကွက်တာမရှိတာကြောင့် ပြီးစီးတဲ့အထိ လုပ်ဆောင်မှာ ဖြစ်တယ်လို့ ပြည်နယ် လွှတ်တော် ဥက္ကဌ ဦးဇိုဘွဲ က ပြောပါတယ်။

"ကော်မတီရဲ့ ဆုံးဖြတ်ချက်နဲ့ ပုံမှန်လေးလုပ်မှာပါနော်၊ ပြီးတဲ့အထိလုပ်မှာပါ၊ တကယ်တမ်းဆို သမိုင်းကို ဘုမသိ၊ ဘမသိနဲ့ ပါတီကိစ္စနဲ့ ကျနော်တို့ကို ပါတီအသေးအမွှားတွေက တိုက်ခိုက်တဲ့သဘောပါ၊ အဲဒါပြဿနာ မဟုတ်ပါဘူး၊ လူထုက တိုက်ခိုက်တာ မဟုတ်ဘူး၊ အစိုးရအနေနဲ့ လွှတ်တော်အနေနဲ့လည်း ဒီကိစ္စကို ဘာမှ မပြောပါဘူး၊ သူတို့ ကော်မတီအနေနဲ့ လုပ်တဲ့ဥစ္စာက ချောချောမောမောပြီးတဲ့အထိကို လုပ်မှာပါ"

ထန်တလန်မြို့မှာ ဗိုလ်ချုပ်ကြေးရုပ် ထုလုပ်ဖို့ကိစ္စနဲ့ပတ်သက်ပြီး ဒေသခံတွေဘက်ကို ညှိနှိုင်းတာမျိုး မရှိကြောင်းနဲ့  ဗိုလ်ချုပ်အောင်ဆန်းက လေးစားရမယ့် ပုဂ္ဂိုလ်ဖြစ်ပေမယ့် ချင်းအမျိုးသားခေါင်းဆောင်တွေရဲ့ အမှတ်တရ ရုပ်ထုတွေတောင် မထားနိုင်သေးချိန်၊ အခုလို ဖက်ဒရယ်နိုင်ငံ တည်ဆောက်ဖို့ ကြိုးပမ်းနေဆဲ ကာလမှာ မလုပ်စေချင်သေးဘူးလို့ ချင်းအမျိုးသား ဒီမိုကရက်ပါတီ အတွင်းရေးမှူးက RFA နဲ့ အင်တာဗျူးမှာ ဖြေဆိုထား ပါတယ်။ အဲဒီကြေးရုပ် ထုလုပ်ဖို့အတွက် ဘတ်ဂျက် ကျပ်သိန်း ၃၀၀ ကျထားပြီးဖြစ်တယ်လို့ သိရပါတယ်။

အခုနောက်ပိုင်း တိုင်းနဲ့ ပြည်နယ်အသီးသီးက မြို့နယ်တွေအလိုက် ဗိုလ်ချုပ်ကြေးရုပ်တွေ ထုလုပ်ထားရှိ နေကြတာ စုစုပေါင်း ကြေးရုပ် ၁၅ ရုပ်လောက် ရှိနေပြီ ဖြစ်ပါတယ်။

ဒါ့အပြင် နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်က သပြေကုန်းအ၀ိုင်းမှာ ထားရှိဖို့ ငွေကျပ်သိန်း ၁၅၀၀ ခန့် ကုန်ကျမယ့် မြန်မာနိုင်ငံမှာ အကြီးဆုံး ဗိုလ်ချုပ်မြင်းစီးကြေးရုပ်ကို ကြေးပိသာချိန် နှစ်ထောင်နဲ့ အမြင့် ၁၈ ပေခန့် သွန်းလုပ် ဖို့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ဖြစ်မြောက်ရေးကော်မတီက စီစဉ်နေပါတယ်။

မွန်ပြည်နယ်က မော်လမြိုင်သံလွင်ဥယျာဉ် နဲ့ မုဒုံမြို့ ကန်သာယာပန်းခြံတွေမှာ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ် တု ၂ ရုပ်ရှိပြီး မွန်ပြည်နယ်မှာ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ထားရှိတာ အလိုမရှိကြောင်း ကန့်ကွက်ပွဲကို မွန်သံဃာတော် တွေနဲ့ မွန်လူငယ်တွေက မုဒုံမြို့မှာ ပြီးခဲ့တဲ့နှစ်က ပြုလုပ်ခဲ့ပါတယ်။

RFA Burmese
https://www.rfa.org/burmese
ကန့်ကွက်မှုတွေရှိနေတဲ့ ဗိုလ်ချုပ်ကြေးရုပ်ကို ဆက်လက် အကောင်အထည် ဖော်မည် ကန့်ကွက်မှုတွေရှိနေတဲ့ ဗိုလ်ချုပ်ကြေးရုပ်ကို ဆက်လက် အကောင်အထည် ဖော်မည် Reviewed by THITHTOOLWIN on 20:38 Rating: 5
Powered by Blogger.