သမ္မတဟောင်းဦးသိန်းစိန်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ဘာကြောင့်တွေ့


သမ္မတဟောင်း ဦးသိန်းစိန်ကို တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိက ဘေဂျင်း မြို့တော်မှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က တွေဆုံခဲ့တယ်လို့ တရုတ် နိုင်ငံခြားရေးဌာနက ပြောပါတယ်။

တရုတ်-မြန်မာ နှစ်နိုင်ငံကြား ဖော်ဆောင်နေတဲ့ စီးပွားရေး စင်္ကြန်လမ်း စီမံကိန်း တိုးတက်ရေး အတွက် ဆက်လက် ကြိုးပမ်းသွားမယ့် အကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ဦးသိန်းစိန်နဲ့ တွေ့ဆုံကြတုန်း ပြောဆိုခဲ့တယ်လို့ ဘေဂျင်းမြို့က လာတဲ့ သတင်းတွေက ဆိုပါတယ်။

တရုတ်ရဲ့ မဟာဗျူဟာမြောက် ရပ်ဝန်းတစ်ခု လမ်းတစ်ခု စီမံကိန်းထဲ မြန်မာနဲ့ ပတ်သက်နေတဲ့၊ ရထားလမ်း ကားလမ်းနဲ့ ဆိပ်ကမ်းတွေ တည်ဆောက်ရေးတွေမှာ သိသိသာသာ အောင်မြင်မှုတွေ ရနေပြီး ရှေ့လျှောက်မှာလဲ ပိုအားစိုက်ပြီး လုပ်ဆောင်မယ်လို့ မစ္စတာဝမ်က ပြောပါတယ်။

မြန်မာ့ စီးပွားရေး ဖွံ့ဖြိုးဖို့နဲ့ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ တရုတ်က အားစိုက်ထုတ် အကူအညီ ပေးနေတာတွေကို ကျေးဇူးတင်ပါကြောင်း ဦးသိန်းစိန် ဘက်ကလည်း ပြောဆိုခဲ့တယ်လို့ တရုတ် နိုင်ငံခြားရေး ဌာနရဲ့ ထုတ်ပြန်ချက်တွေ အရ သိရပါတယ်။

မြန်မာပြည်တွင်း အဓိက အတိုက်အခံ အင်အားကြီး ပါတီ ပြည်ထောင်စု ကြံ့ခိုင်ရေး နဲ့ ဖွံဖြိုးရေး ပါတီရဲ့ အကြီးအကဲ တစ်ယောက် အနေနဲ့ ခေါ်ယူတွေ့ဆုံတာ ဆိုတဲ့ သုံးသပ်မှုတွေကို ပါတီပြောခွင့်ရ ဒေါက်တာ နန္ဒာ လှမြင့်ကတော့ ငြင်းဆိုပါတယ်။

သမ္မတ ရှီကျင်းပင်ရဲ့ နိုင်ငံခြားရေးမူကို ကြည့်ရင်လည်း သက်ဆိုင်ရာ အစိုးရနဲ့ကြား ဆက်ဆံ တိုးမြှင့်ဖို့သာမက လူမှုအဖွဲ့အစည်း အမျိုးစုံနဲ့ ကြားမှာပါ အလွှာစုံ ဆက်ဆံရေး တည်ဆောက်တာမျိုးကို တွေ့ရပါတယ်။

တရုတ်-မြန်မာ ဆက်ဆံရေး အကြောင်း ကျွမ်းကျင်သူ ဒေါက်တာ လှကျော်ဇော ကတော့ သမ္မတဟောင်း ဦးသိန်းစိန်ကို တရုတ်အစိုးရက ဖိတ်ခေါ် စကားပြော ခဲ့တာဟာ၊ အစိုးရရော အတိုက်အခံနဲ့ကြားမှာပါ ဆက်ဆံရေးထားရှိတဲ့ တရုတ်ရဲ့ အလွှာစုံဆက်ဆံရေး နည်းနာ အဖြစ် ယူဆ နိုင်တယ်လို့ သုံးသပ်ပါတယ်။

ဦးသိန်းစိန် သမ္မတ တာဝန်ယူတုန်းက ပြည်တွင်း ကန့်ကွက်မှုတွေနဲ့ အပြင်းအထန် ရင်ဆိုင်ခဲ့ရတဲ့ ဧရာဝတီ မြစ်ဆုံ ရေကာတာ စီမံကိန်းကို ရပ်နား စေခဲ့တာမျိုးလို တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခုကို တားခဲ့တာမျိုးတွေ ရှိပါတယ်။

ဒါပေမယ့်လည်း တရုတ်ဘက်က ထုတ်ပြန်ချက်ထဲမှာတော့ မြစ်ဆုံစီမံကိန်း အကြောင်း ပြောထားတာ မတွေ့ရဘဲ တရုတ်အစိုးရရဲ့ မိတ်ကောင်းဆွေကောင်း အနေနဲ့ တွေ့ဆုံခဲ့တာလို့ ဆိုထားပါတယ်။

၂ဝ၁၅ ရွေးကောက်ပွဲ မတိုင်ခင်တုန်းကလည်း ဒေါ်အောင်ဆန်းစုကြည်ကို တရုတ် အစိုးရက ဖိတ်ခေါ်ပြီး နိုင်ငံတော် အဆင့် ဧည့်သည် အနေနဲ့ ကြိုဆို ခဲ့တာမျိုး ရှိပါတယ်။

BBC Burmese
http://www.bbc.com/burmese
သမ္မတဟောင်းဦးသိန်းစိန်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ဘာကြောင့်တွေ့ သမ္မတဟောင်းဦးသိန်းစိန်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ဘာကြောင့်တွေ့ Reviewed by THITHTOOLWIN on 10:28 Rating: 5
Powered by Blogger.