မြန်မာစစ်တပ်က လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်လို့ ကုလပြောကြား

မြန်မာ့အရေး ကုလ လုံခြုံရေးကောင်စီမှာဆွေးနွေးစဉ်
လက်နက်ကိုင် ပဋိပက္ခတွေအတွင်း လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်စော်ကားမှုတွေ ကျုးလွန်သူတွေစာရင်းမှာ ပထမဆုံးအကြိမ်အဖြစ် မြန်မာစစ်တပ်ကိုပါ ကုလသမဂ္ဂက ထည့်သွင်းလိုက်ပါတယ်။ ၂၀၁၆ အောက်တိုဘာလနဲ့ ၂၀၁၇ သြဂုတ်လထဲက စစ်ဆင်ရေးတွေမှာ ဒေသခံ လက်နက်ကိုင်တွေနဲ့ ပူးပေါင်းပြီး မြန်မာစစ်တပ်က လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့် စော်ကားမှုတွေ အကြီးအကျယ် ကျုးလွန်ခဲ့ကြောင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို တင်သွင်းခဲ့တဲ့ အတွင်းရေးမှူးချုပ် Antonio Guterres ရဲ့ အစီရင်ခံစာက ဖော်ပြခဲ့တာပါ။

ရခိုင်ပြည်နယ် မြောက်ပိုင်းကနေ ရိုဟင်ဂျာတွေ ထွက်ပြေးအောင် ရည်ရွယ်ခဲ့ရုံသာမက၊ နေရပ်ပြန်မလာရဲအောင်ပါ ထိတ်လန့်တုန်လှုပ်စရာ မဟာဗျုဟာကို စနစ်တကျ တွက်ချက် ကျင့်သုံးခဲ့ကြောင်းလည်း စွပ်စွဲထားပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းက တကျော့ပြန် ပဋိပက္ခတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ကြရတဲ့ ဒုက္ခသည် ၇ သိန်းလောက်အနက် အများစုဟာ ပြင်းထန်တဲ့ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့် စော်ကားမှုတွေကြောင့် စိတ်ပိုင်း၊ ရုပ်ပိုင်း ဝေဒနာတွေ ခံစားနေကြရဆဲ ဖြစ်ကြောင်းလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဒုက္ခသည်တွေကို ကူညီနေတဲ့ နိုင်ငံတကာ ဆေးဖက်ဆိုင်ရာဝန်ထမ်းတွေနဲ့ အကူအညီပေးရေး ၀န်ထမ်းတွေရဲ့ မှတ်တမ်းတွေကိုလည်း အစီရင်ခံစာမှာ ကိုးကား ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့နှစ် သြဂုတ်လထဲ ရခိုင်ပြည်နယ်မြောက်ပိုင်းက လုံခြုံရေးကင်းစခန်း ၃၀ လောက်ကို စီးနင်းတိုက်ခိုက်ခဲ့တဲ့ ARSA အစွန်းရောက်အုပ်စုကို လိုက်လံရှင်းလင်းရာမှာ မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ လူမျိုးစုအလိုက် ရှင်းလင်းတဲ့ အဆင့်အထိ ရောက်ခဲ့ကြောင်းလည်း ကုလသမဂ္ဂ အရာရှိတွေက စွပ်စွဲနေကြတာပါ။ မြန်မာစစ်တပ်ကတော့ နိုင်ငံတကာက စွပ်စွဲနေသလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မရှိကြောင်းနဲ့ ကျုးလွန်သူတွေကိုလည်း ဖော်ထုတ် အရေးယူတာတွေရှိကြောင်း ပြောဆိုထားသလို၊ ဒီသီတင်းပတ်ထဲမှာပဲ မြန်မာစစ်တပ်က အရာရှိနဲ့စစ်သည် ၇ ဦးကို စစ်တပ်က ထုတ်ပယ်ပြီး ထောင်ဒဏ် ၁၀ နှစ် အပြစ်ပေးလိုက်ကြောင်း ကြေညာခဲ့ပါတယ်။

မြန်မာစစ်တပ် အပါအ၀င် လက်နက်ကိုင် ပဋိပက္ခတွေအတွင်း လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်စော်ကားမှုတွေ ကျုးလွန်တယ်လို့ စာရင်းသွင်းခံထားရတဲ့ အစိုးရတွေ၊ လက်နက်ကိုင်အဖွဲ့တွေနဲ့ အစွန်းရောက်အုပ်စု စုစုပေါင်း ၅၁ ခုနဲ့ ပတ်သက်လို့ တနင်္လာနေ့ လုံခြုံရေးကောင်စီမှာ အာရုံစိုက်ဆွေးနွေးလိမ့်မယ်လို့လည်း မျှော်လင့်ရပါတယ်။

VOA (မြန်မာပိုင်း)
https://burmese.voanews.com
မြန်မာစစ်တပ်က လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်လို့ ကုလပြောကြား မြန်မာစစ်တပ်က လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်လို့ ကုလပြောကြား Reviewed by THITHTOOLWIN on 20:50 Rating: 5
Powered by Blogger.