မန္တလေး သင်္ကြန်ဖွင့်ပွဲမှာ ဝန်ကြီးချုပ်စကားပြော

မြန်မာ့ရိုးရာသင်္ကြန် အကြိုနေ့ မန္တလေးမဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲမှာ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ကို တွေ့ရစဉ်။ Photo: Khaymani Win/RFA
ပြည်သူတွေ နှစ်သစ်မှာ အပန်းဖြေမှု၊ ပျော်ရွှင်မှုနဲ့ ကျေနပ်မှုတွေရဖို့ လိုအပ်တယ်လို့ ယူဆတာကြောင့် မြန်မာ့ရိုးရာ သင်္ကြန်ပွဲတွေကို စည်စည်ကားကားဖြစ်အောင် စီစဉ်ဆောင်ရွက်ပေးတာဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြောပါတယ်။

ဒီကနေ့ကျရောက်တဲ့ မြန်မာ့ရိုးရာသင်္ကြန် အကြိုနေ့ မန္တလေးမဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲမှာ ဝန်ကြီးချုပ် ဒေါက် တာဇော်မြင့်မောင် က ပြောတာဖြစ်ပါတယ်။

"ပြည်သူလူထုရဲ့ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကိုသာမက စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကိုလည်း လိုအပ်တယ်လို့ ကျနော်တို့အစိုးရက ယုံကြည်လက်ခံထားပါတယ်၊ ပြည်သူတွေ နှစ်သစ် မှာ ကျေနပ်မှု၊ ပျော်ရွှင်မှု၊ အပန်းဖြေမှုတွေ လိုအပ်တယ်လို့ ယူဆတဲ့အတွက် မြန်မာ့နှစ်သစ်ကူး သင်္ကြန်ပွဲတော်ကို အခုလို စည်ကားသိုက်မြိုက်စွာ ကျင်းပပေးနေတာဖြစ်ပါတယ်"

တိုင်းပြည်ရဲ့ ရုပ်ပိုင်းဆိုင်ရာဖွံ့ ဖြိုးတိုးတက်ရေးအတွက်သာမက ပြည်သူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ တိုးတက်ရေး လည်း လိုအပ်တယ်လို့ ယုံကြည်တဲ့အစိုးရလို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံဟာ ယဉ်ကျေးပြီး လူမျိုးဘာသာ မခွဲခြားဘဲ ရင်းနှီးချစ်ကြည်စွာနဲ့  အတူယှဉ်တွဲ နေထိုင်ကြတဲ့ အစဉ်အလာရှိတဲ့ နိုင်ငံဖြစ်တယ်၊ မေတ္တာစိတ်၊ ကရုဏာစိတ်၊ မုဒိတာစိတ်၊ သည်းခံစိတ်တွေနဲ့ ပြည်ထောင်စု သမ္မတနိုင်ငံတော် ငြိမ်းချမ်းရေး ရရှိစေဖို့နဲ့ ပဋိပက္ခတွေ ချုပ်ငြိမ်းအောင် ၀ိုင်းဝန်းဆောင်ရွက်ပေးကြစေလိုတယ်လို့ တိုက်တွန်းခဲ့ပါတယ်။

ဒီဖွင့်ပွဲအခမ်အနားမှာ  မန္တလေးမြို့က ကျောင်းသူ အယောက် ၅၀၀ ခန့်က တူညီဝတ်စုံတွေဝတ်ဆင်ပြီး ကပြ ဖျော်ဖြေခဲ့ကြသလို  မန္တလေးမြို့ ဂုဏ်ဆောင် မြို့မအဖွဲ့၊ တမာနန်း၊ ရွှေလက်ညိုးအဖွဲနဲ့ ကျောက်ဆည် ဆင်အကအတွေလည်း  ပါဝင်ခဲ့ကြပါတယ်။

ဒီနေ့ကျရောက်တဲ့ မဟာသင်္ကြန်ပွဲတော်အကြိုနေ့ ဖွင့်ပွဲအခမ်းအနားတွေကို ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော် စတဲ့မြို့တွေမှာသာမက မြန်မာနိုင်ငံတဝှမ်းလုံးက မြို့တွေမှာလည်း ကျင်းပခဲ့ပါတယ်။

RFA Burmese
https://www.rfa.org/burmese
မန္တလေး သင်္ကြန်ဖွင့်ပွဲမှာ ဝန်ကြီးချုပ်စကားပြော မန္တလေး သင်္ကြန်ဖွင့်ပွဲမှာ ဝန်ကြီးချုပ်စကားပြော Reviewed by THITHTOOLWIN on 20:37 Rating: 5
Powered by Blogger.