တောင်ကြီးမြို့မှာ ကားမှန်ခွဲပြီး ပစ္စည်းလိုက်ခိုးနေတဲ့သူခိုးအား ဖမ်းဆီးရမိ


တောင်ကြီး၊ ဧပြီ၊၂၄

တောင်ကြီးမြို့မှာ ကားမှန်တွေ ခွဲပြီးတော့ ကားအတွင်းရှိ ငွေ၊ အဖိုးတန်ပစ္စည်းတွေ ခိုးယူနေတဲ့ သူခိုး ကို ဧပြီ ၂၃ ရက်နေ့က ဖမ်းဆီးရမိခဲ့တယ်လို့ တောင်ကြီးနယ်မြေရဲစခန်းမှ သတင်းရရှိပါတယ်။

ဧပြီလ ၂၃ ရက်နေ့ နံနက်ပိုင်း ၇း၀၀နာရီအချိန်က တောင်ကြီးမြို့ အရှေ့မြို့ပတ်လမ်း၊ ရေအေးကွင်းရပ်ကွက် ၊ မြကန်သာပန်းခြံအနီးမှာ ရပ်တန့်ထားတဲ့ ကားတစ်စီးကို မှန်ခွဲပြီးတော့ ငွေသား ကျပ် ၅ သိန်းကျော်ကို ခိုးယူခဲ့တာဖြစ်တယ်လို့ တောင်ကြီးနယ်မြေရဲစခန်းမှ ရဲအုပ် လင်းလင်းဇော် ကပြောပါတယ်။

တောင်ကြီးမြို့တွင် ကားမှန်ခွဲ၍ ပစ္စည်းခိုးယူသူအား ရဲတပ်ဖွဲ့ဝင်များက နာရီပိုင်းအတွင်း ဖော်ထုတ်အရေးယူထား
ငွေသား ၅ သိန်းကျော်ခိုးယူခံရတဲ့သူက တိုင်ချက်ဖွင့်ခဲ့ပြီးတော့ ငွေသား ၅သိန်းကျော်ခိုးယူသွားတဲ့ ကားအနောက်မှာ ရပ်တန့်ထားတဲ့ ကားမှာတပ်ဆင်ထားတဲ့ စီစီတီဗီ မှတ်တမ်းကနေ တစ်ဆင့် ပြစ်မှုကျူးလွန်တဲ့သူကို ခြေရာခံ နိုင်ခဲ့တာဖြစ်တယ်လို့ ရဲအုပ်လင်းလင်းဇော် ကပြောပါတယ်။
" ပြစ်မှုကျူးလွန်သူကို အဲဒီကားနဲ့အတူ လာတဲ့ နောက်ကားတစ်စီးမှာတပ်ဆင်ထားတဲ့ စီစီတီဗီကနေ တစ်ဆင့် ခြေရာခံနိုင်ခဲ့ပြီးတော့ ရဲတပ်ဖွဲ့ဝင်တွေ ဖြန့်ကျက်ရှာဖွေရာမှာ အခင်းဖြစ်ပြီးနေ့ခင်းပိုင်းမှာပဲ တရားခံကို စိန်ဆေးခန်းအရှေ့မှာ ဖမ်းဆီးရမိခဲ့ပါတယ် " လို့ ရဲအုပ်လင်းလင်းဇော် ကပြောပါတယ်။

အဆိုပါပြစ်မှုကျူးလွန်သူဟာ မြို့​တော်​ တည်းခိုခန်းမှာတည်းခိုပြီးတော့ တောင်ကြီးမြို့ပေါ်မှာလစ်ရင်လစ်သလို ကားမှန်တွေကို ၀က်အူလည့်နဲ့ခွဲပြီး ခိုးယူနေတာဖြစ်ပြီးတော့ စစ်ဆေးတွေ့ရှိချက်အရ ၅ မှုခန့်ရှိတယ်လို့ ရဲအုပ်လင်းလင်းဇော်ကပြောပါတယ်။

ပြစ်မှုကျူးလွန်သူဟာ ယခင်ကလည်း လုယက်မှုနဲ့ ထောင်ဒဏ် ၁ နှစ်ကျော် ကျခံခဲ့ဖူးထားတယ်လို့ ရဲမှတ်တမ်းများအရသိရပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သတ်ပြီးတော့ ပြစ်မှုကျူးလွန်ခဲ့တဲ့ မိုင်းစံ မြို့နေ အသက် ၅၂ နှစ်အရွယ်ရှိ စိုင်းတွမ် ဆိုသူ ကို တောင်ကြီးနယ်မြေရဲစခန်းမှာ ပုဒ်မ၄၂၇၊ ၃၇၉ တို့နဲ့အမှုဖွင့် စစ်ဆေးလျက်ရှိပါတယ်။

သတင်း - နန်းဧကရီ
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
တောင်ကြီးမြို့မှာ ကားမှန်ခွဲပြီး ပစ္စည်းလိုက်ခိုးနေတဲ့သူခိုးအား ဖမ်းဆီးရမိ တောင်ကြီးမြို့မှာ ကားမှန်ခွဲပြီး ပစ္စည်းလိုက်ခိုးနေတဲ့သူခိုးအား ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 19:59 Rating: 5
Powered by Blogger.