ခရစ္စတီးနားခီ အသိဉာဏ်ပစ္စည်းစောင့်ရှောက်ရေးဆိုင်ရာ ဆုချီးမြှင့်ခံရ

သင်္ကြန်ကာလက ခီမောင်နှံဖျော်ဖြေနေစဉ်
ဧပြီ ၂၆ရက်နေ့ဟာ WIPO လို့ အတိုချုံးခေါ်တဲ့ ကမ္ဘာ့အသိဉာဏ်ပစ္စည်းမူပိုင်ခွင့် အဖွဲ့အစည်း တည်ထောင်တဲ့ နေ့ဖြစ်ပါတယ်။ မကြာမီကျရောက်မဲ့ WIPO day အထိမ်းအမှတ်အနေနဲ့ မြန်‌မာ့အသိဉာဏ်‌ ပစ္စည်း ‌စောင့်‌‌ရှောက်‌‌ရေး အဖွဲ့(WIPO Myanmar ) ကနေ ဧပြီ ၂၁ရက်နေ့မှာ တီထွင်ဆန်းသစ်မှုရှိတဲ့ မြန်မာအမျိုးသမီး ၂ဦးကို ရွေးချယ်ပြီး ဂုဏ်ပြုချီးမြှင့်ခဲ့ ပါတယ်။

ဒီနှစ် WIPO day အတွက် ဆောင်ပုဒ်ဖြစ်တဲ့ စွမ်းဆောင်ရည်အရွှေ့အပြောင်း၊ တီထွင်ဆန်းသစ် မိန်းမသား ခေတ်ဆိုတဲ့ ဆောင်ပုဒ်အောက်မှာ တီထွင်ဖန်တီးမှုအားကောင်းတဲ့ မြန်မာအမျိုးသမီး ၂ဦးကိုရွေးချယ်ချီးမြှင့်ခဲ့ တယ်လို့ WIPO Myanmar ရဲ့ အကြံပေးပုဂ္ဂိုလ် ဒါရိုက်တာအောင်စိုးဦးက ဘီဘီစီကိုပြောပါတယ်။

သူတို့ကတော့ ဒါရိုက်တာ ခရစ္စတီးနားခီနဲ့ ဒေါက်တာချိုလဲ့အောင်တို့ဖြစ်ပါတယ်။

ဆုချီးမြှင့်ခံခဲ့ရတဲ့ ဒါရိုက်တာ ခရစ္စတီးနားခီရိုက်ကူးခဲ့တဲ့ ဥပါယ်‌တံမျဉ်‌ နဲ့ "မုဒြာရဲ့ ‌ခေါ်သံ ဇာတ်ကား ၂ကား စလုံးဟာ မြန်မာ့ရုပ်ရှင် ပရိတ်သတ်တွေကြား ရိုက်ခတ်မှုကြီးကြီးမားမားရှိခဲ့တာပါ။

ဒေါက်တာချိုလဲ့အောင်ဟာလည်း မြန်မာ့ရိုးရာအစားအစာဖြစ်တဲ့ထန်းလျက်နဲ့လက်ဖက်ကို ဆန်းသစ်တဲ့ ထုပ်ပိုးမှုပုံစံ၊ အပြင်ဆင်တွေနဲ့ နိုင်ငံတကာဈေးကွက် ထိတီထွင်ထိုးဖောက်နိုင်ခဲ့သူတဦးဖြစ်ပါတယ်။

ဒီနှစ်အတွက် WIPO Day ရဲ့ ဆောင်ပုဒ်မှာ တီထွင်ဆန်းသစ် မိန်းမသားခေတ်ဆိုပြီး ထည့်သွင်းထား တာကိုကြည့်ရင် မြန်မာမှာသာမက ကမ္ဘာမှာပါ အမျိုးသမီးတွေရဲ့စွမ်းဆောင်ရည်ကို အရင်ထက် ပိုအသိမှတ်ပြု လာကြတယ် ဆိုတာကိုသိနိုင်ပါတယ်။

ဒီလို တီထွင်ဆန်းသစ်မှုရှိသူတွေကို ဆုပေးတယ်ဆိုတာဟာ နောက်ထပ် တီထွင်ဖန်တီးမှု အသစ်တွေကို ဆက်လုပ်ဖို့ အားပေးလိုက်တာလည်းဖြစ်တယ်လို့ WIPO Myanmar ရဲ့ အကြံပေးပုဂ္ဂိုလ် ဒါရိုက်တာ အောင်စိုးဦးကဘီဘီစီကိုပြောပါတယ်။

မြန်မာနိုင်ငံမှာ ကမ္ဘာ့အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်အထိမ်းအမှတ်နေ့အနေနဲ့ ၂၀၀၅ခုနှစ်က စကာ ဆုရွေးချယ် ချီးမြှင့်တာကိုလုပ်ခဲ့တယ်လို့သိရပါတယ်။ နှစ်အလိုက် ဆုချီးမြှင့်မှုအောက်မှာ အမျိုးသမီးထူးချွန်သူတွေအနေနဲ့ စာရေးဆရာမဂျူး၊ ရုပ်ရှင် သရုပ်ဆောင်ဒေါ်ဆွေဇင်ထိုက်နဲ့ အဆိုတော် မေသက်ထားဆွေနဲ့ တို့ကိုလည်းချီးမြှင့်ခဲ့ဖူးတယ်လို့ သိရပါတယ်။

BBC Burmese
http://www.bbc.com/burmese
ခရစ္စတီးနားခီ အသိဉာဏ်ပစ္စည်းစောင့်ရှောက်ရေးဆိုင်ရာ ဆုချီးမြှင့်ခံရ ခရစ္စတီးနားခီ အသိဉာဏ်ပစ္စည်းစောင့်ရှောက်ရေးဆိုင်ရာ ဆုချီးမြှင့်ခံရ Reviewed by THITHTOOLWIN on 20:15 Rating: 5
Powered by Blogger.