ခေတ်သုံးခေတ်ဖြင့် ရန်ကုန်လမ်းလျှောက်သင်္ကြန်

လမ်းလျှောက်သင်္ကြန် ကျင်းပနေစဉ် (ဆင်ဟွာ)
 ရန်ကုန်၊ ဧပြီ ၁၃ ရက် (ဆင်ဟွာ)

    ရန်ကုန်သင်္ကြန် စာတန်းထိုးထားသည့် အဝင်မုဒ်ဦး တွင် ရေမှုန်ရေမွှား များကျလျရှိပြီး နံနက်ခင်း နေထွက် စအချိန် တွင်ပင်လမ်းလျှောက်၍ ရေပက်ခံသူများ ဖြင့် အသက်ဝင်လျက်ရှိသည်။

ရေဖလားများ ကိုယ်စီဖြင့် ရေပက်သူများ၊ စတုဒိသာ ဝေငှနေသူများ နှင့် လမ်းလျှောက် ၍ ရေပက်ခံထွက် သူများသည် ၈း၃၀ နာရီ နောက်ပိုင်းတွင် ပိုမိုစည်ကားလာခဲ့သည်။ ၎င်းမြင်ကွင်းများသည် ရန်ကုန်မြို့တွင် ပထမဆုံးအကြိမ်ကျင်းပသည့် လမ်းလျှောက်သင်္ကြန်ပွဲ တစ်ခုဖြစ်ပြီး မဟာဗန္ဓုလ ပန်းခြံလမ်းတွင် မဏ္ဍပ်များ ထိုး၍ သင်္ကြန်ပွဲတော်အား ကျင်းပနေခြင်းဖြစ်သည်။

လားရှိုး music Band  မှ တေးသံရှင်တစ်ဦးက “သီချင်းဆိုဖို့လာရင်း လမ်းလျှောက်သင်္ကြန်ကို ဝင်ဖြစ်တာပါ။ လမ်းလျှောက်သင်္ကြန်က နန်းဆန်တယ်လို့မြင်တယ်။ အခုနှစ်မှ ရန်ကုန်မှာ စတာ၊ တကယ်ပျော်စရာ ကောင်းတယ်။ ကျွန်မစိတ်ထင်ပြောရမယ်ဆိုရင် ခေတ်စကားနဲ့ဆိုရင် တကယ်နန်းဆန်တယ်ပေါ့’’ ဟု ဆင်ဟွာကို ပြောသည်။


မြောက်ဒဂုန်တွင် နေထိုင်သည့် မရည်မွန်သန့် က “မြို့တော်ဝန်မဏ္ဍပ်ဖွင့်ပွဲလာရင်း လမ်းလျှောက်သင်္ကြန်ကို လျှောက်ကြည့်တာပါ။အရင်က လမ်းလျှောက်သင်္ကြန်မကြုံဖူးဘူး။ အခု က ပထမဆုံး အကြိမ်ကြုံဖူးတာ ပျော်ဖို့ကောင်းတယ်။ သပ်ရပ်ပြီး၊ စည်းကမ်းရှိတယ်။ ဖလားလေးတွေနဲ့ရှေးရိုးရာအတိုင်းပက်တာ ကောင်းတယ်။ လူလည်းထိခိုက်မှုမရှိဘူးပေါ့။’’ ဟုဆိုသည်။

မဟာဗန္ဓုလ လမ်းပေါ်ရှိ လမ်းလျှောက်သင်္ကြန်၏ ပုံစံသည် ယခင်အုန်းလက်မဏ္ဍပ်များဖြင့် ရေပက်ကစားကြသည့် ဟန်ပန်အတိုင်း ယဉ်ကျေးစွာ ရေပက်ကစားလျက်ရှိသည်။ ရေခွက်ဖြင့် ခွက်စောင်းခုတ် ခြင်းအပါအဝင် ရေပိုက်ကြီး များဖြင့် ရေပက်ကစားကြခြင်းအားမတွေ့ရပေ။ နိုင်ငံခြားသားများလည်း လမ်းလျှောက် ၍ ရေပက်ခံနေသည် ကိုတွေ့ရသည်။

အင်္ဂလန်နိုင်ငံမှ မြန်မာနိုင်ငံသို့ အလည်ရောက်ရှိလာသည့် မစ္စတာဘရင်ဒန်က “လမ်းလျှောက်သင်္ကြန် အရမ်းချစ်စရာကောင်းတယ်။ အရမ်းပျော်စရာကောင်းတယ်။ ကျွန်တော်အရမ်းပျော်ပါတယ်’’ ဟု၎င်း၏ အမြင် ခံစားချက်ကို ပြောပြသည်။

လမ်းလျှောက်သင်္ကြန်ကျင်းပရာတွင် ခေတ်သုံးခေတ်ကို ကိုယ်စား ပြုကာ မြန်မာ့ရိုးရာ နန်းတွင်း ရှေးခေတ်သင်္ကြန်၊ ကျေးလက်သင်္ကြန်၊ ခေတ်ပေါ်သင်္ကြန်တို့နှင့် ကျင်းပလျက်ရှိ ကြောင်း ရန်ကုန်မြို့ တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လမ်းလျှောက်သင်္ကြန်ကျင်းပရာ အနီးပတ်ဝန်းကျင်တစ်ခုလုံးကို ကြည့်မြင်လိုက်ပါက အတိတ်ကာလဆီက မြန်မာတို့ ၏ ရိုးရာသင်္ကြန်ပုံရိပ်အငွေ့အသက်များကို ခံစားစေရမည်မှာ အမှန်ပင်ဖြစ်သည်။ မဏ္ဍပ်အပြင်အဆင်များ၊ ယဉ်ကျေးမှုအဆင်တန်ဆာများ၊ သပြေခတ်ရေပက်သည့် မြင်ကွင်းများ မှာ ခေတ်သုံးခေတ် ကိုယ်စားပြုသည့် သင်္ကြန်အဖြစ် တိတိပပ ဖော်ကျူးရာရောက်နေကြောင်း ၊ အထူးသဖြင့် သပြေခတ် နှင့် ရေခွက်ကို အသုံးပြု၍ ရေကစားနေသည့်ပုံရိပ်များမှာ ယခင်ခေတ်အခါက စိတ်ခံစားမှု နှင့် ယဉ်ကျေးမှုများကို ပြန်လည်အမှတ်ရမိစေကြောင်း ရေကစားသူတချို့ကသုံးသပ်သည်။

လမ်းလျှောက်သင်္ကြန်တွင် စတုဒိသာ ကော်ဖီတိုက်နေသည့် Mac ကော်ဖီမှ မားကက်တင်းမန်နေဂျာ မခင်မျိုးဆက် က “ Mac ကော်ဖီ က စတုဒိသာ ကော်ဖီတစ်နေကုန်တိုက်ဖြစ်တာပါ။ ၄ ရက်လုံး တိုက်မှာ။ သင်္ကြန်က မြန်မာအတွက် ပျော်ရွှင်စရာလေးပါ။ ငယ်ငယ်တုန်းက သင်္ကြန်ကို ပြန်ရောက်သွားသလိုပဲ။ ငယ်ငယ်ကလည်း ဒီလို ဖလားလေးတွေနဲ့ ပက်ကြတော့ ငယ်ဘဝကို ပြန်ရောက်သွားသလိုပဲ။ သင်္ကြန်ကို ပြန်ရောက်သွား သလိုပဲ။ ဖလားလေးတွေ နဲ့ ကလေးတွေ ရေပြွတ်လေးတွေ နဲ့ ပက်ကြတာပါ။ ရေပက်တဲ့ အဖွဲ့တွေက စတုဒိသာ ကျွေးပါတယ်။ ဒီနေ့ က ၇း၃၀ နာရီ မှာသင်္ကြန်ဖွင့်ပြီးကတည်းက စပြီး ကော်ဖီတိုက်ပါတယ်။ နောက်ရက်တွေမှာတော့ မနက် ၉ နာရီ ကနေ ၊ ညနေ ၅ နာရီ အထိ စတုဒိသာ ကော်ဖီ တိုက်ဖြစ်မှာပါ’’ ဟုပြောသည်။

ရန်ကုန် လမ်းလျှောက်သင်္ကြန်ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက မဟာဗန္ဓုလပန်းခြံဘေး၊ ကန်တော်ကြီး မြေပဒေသာကျွန်း နှင့်ဦးဥတ္တမ ပန်းခြံ (ယခင် ကန်တော်မင်ပန်းခြံ) ၃ နေရာတို့၌ ကျင်းပလျက်ရှိသည်။

 အဆိုပါ လမ်းလျှောက်သင်္ကြန် ကျင်းပမည့် နေရာများတွင် စတုဒီသာ များ ကျွေးမွေး လျက်ရှိသည်။ ပြီးခဲ့သည့်နှစ်သင်္ကြန်တွင် ရန်ကုန် မြို့ပေါ်၌ ဗဟိုမဏ္ဍပ်တစ်ခုတည်း ကိုသာ အဓိကထားပြီး ရေကစားခွင့်ပြုခဲ့ရာမှ ယခုနှစ် ရန်ကုန်သင်္ကြန် သည် ဖျော်ဖြေ ရေးမဏ္ဍပ် ၃၅ ခုနှင့် ဖျော်ဖြေရေး နှင့်ရေကစားမဏ္ဍပ်အခု ၆ဝ ဆောက်လုပ် ခွင့်ပြုထားကြောင်း သိရသည်။

ရန်ကုန်မြို့သင်္ကြန်ကို လာရောက်လည်ပတ်သည့် ဘိုကလေးမြို့တွင်နေထိုင်သော ကိုဇင်ဘိုဘိုက “ရန်ကုန်သင်္ကြန်က အကြိုနေ့ မနက်အစောမှာဒီလောက်စည်မယ်လို့မထင်မိဘူး။အရင်နှစ်က မကြုံဖူးတဲ့ ရသ တွေကို ခံစားရတယ်။ ယဉ်ကျေးမှုကို ပြန်လည်ဖော်ထုတ်ထားတာတွေ့ရတယ်။’’ ဟု ဆင်ဟွာကိုပြောသည်။

သင်္ကြန်ပွဲတော်ဟူသည် မြန်မာပြည်အပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေမှာ နှစ်သစ်ကို ကြိုဆိုတဲ့အနေနဲ့ ကျင်းပကြတဲ့ ပွဲတော်တစ်ခု ဖြစ်သည်။ “ကူးပြောင်းခြင်း”၊ “ပြောင်းရွှေ့ခြင်း”ဟု အဓိပ္ပာယ်ရသော ပါဠိဘာသာ “သင်္ကန္တ”၊ သက္ကတဘာသာ “သင်္ကြန္တ”တို့ကို တိုက်ရိုက် မြန်မာမှုပြု၍ ခေါ်ဆိုကြခြင်း ဖြစ်သည်။

၎င်း ပါဠိဘာသာ “သင်္ကန္တ”၊ သက္ကတဘာသာ “သင်္ကြန္တ”ကနေ ဆင်းသက်လာသည့် ဝေါဟာရသည် သက်ဆိုင်ရာ ဒေသနေ ပြည်သူတွေ၏ ဘာသာစကား ယဉ်ကျေးမှု ဝန်းကျင်အခြေအနေတွေပေါ် မူတည်ပြီး ကွဲပြား ခြားနားမှု ရှိကြောင်း သိရသည်။ မြန်မာတို့ရဲ့ “သင်္ကြန်”၊ ထိုင်းတို့ရဲ့ “ဆွန်ကရန်” (Song Kran)၊ ကမ္ဘောဒီးယားတို့ရဲ့ “ချိုချနန်သမေး” (Chol Chnam Thmey)၊ လာအိုတို့ရဲ့ “ဘီးမိုင်” (Bpee Mai)နဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဒိုင်လူမျိုးတို့ရဲ့ “ရေသဘင်ပွဲ”ဆိုတဲ့ “နှစ်သစ်ကူးပွဲတော်”တို့ဟာ တစ်ခုတည်းသော ရင်းမြစ်က ဆင်းသက်လာသော ပွဲတော်များ ဖြစ်ကြောင်း သိရသည်။

တစ်နှစ်မှာ နဝင်းအရေအတွက် ၁၀၈-နဝင်း ဖြစ်၍ သင်္ကြန် ၁၀၈ ကြိမ်၊ နက္ခတ် ၂၇-လုံး ဖြစ်၍ သင်္ကြန် ၂၇ ကြိမ်၊ ရာသီ ၁၂-ခု ဖြစ်၍ သင်္ကြန် ၁၂ ကြိမ် ကျသည်၊ ၁၂ ကြိမ် ကူးပြောင်းသည်ဟု ဆိုနိုင်ကြောင်း သိရသည်။

ရှေးမှတ်တမ်းများအရ ရေကစားပွဲတော်ကို ပထမဆုံး စတင်ခဲ့သည့် ဘုရင်မှာ ပုဂံခေတ်၊ နရသီဟပတေ့မင်းလက်ထက်တွင်ဖြစ်ကြောင်းသိရသည်။ “အတာရက်”မှာ သင်္ကြန်အတက်ရက် ဖြစ်၏။ နှစ်တစ်နှစ်၏ နောက်ဆုံးရက်ပင် ဖြစ်တယ်။ သင်္ကြန်အတက်ရက်နှင့် မွေးနေ့တိုက်ဆိုင်သူများသည် “အတာသင့်”သူများ အဖြစ်သတ်မှတ်၍ အတာစားသည်ဟု ပြောဆို သုံးစွဲနေကြသေးကြောင်းသိရသည်။

ယခုနှစ် သည် ပုံမှန် နှစ်များ နှင့်မတူ ဘဲ လမ်းလျှောက်သင်္ကြန်သည် လူအများ ၏ စိတ်ဝင်စားမှု ခံရလျက်ရှိပြီး လမ်းလျှောက်သင်္ကြန်တွင် ရေပက်ခံ နေသူများ၊ သင်္ကြန်သီချင်းအေးအေးများဖြင့် အသက်ဝင်လျက်ရှိနေတော့ သည်။

(Xinhua)
http://xinhuamyanmar.com
ခေတ်သုံးခေတ်ဖြင့် ရန်ကုန်လမ်းလျှောက်သင်္ကြန် ခေတ်သုံးခေတ်ဖြင့် ရန်ကုန်လမ်းလျှောက်သင်္ကြန် Reviewed by THITHTOOLWIN on 20:40 Rating: 5
Powered by Blogger.