မိုင်းသောက်ကျေးရွာအုပ်စုရှိ တောင်သူ ၁၀၀ကျော်သိမ်းဆည်းခံမြေယာများ ပြန်လည်ရရှိရေး အတွက် ဆန္ဒဖော်ထုတ်


ညောင်ရွှေ၊ ဧပြီ-၃၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ မိုင်းသောက်ကျေးရွာအုပ်စုရှိ ဒေသခံ တောင်သူ ၁၀၀ကျော် ဟာ သိမ်းဆည်းခံမြေယာများပြန်လည်ရရှိရေးအတွက် ဒီကနေ့ ဧပြီ ၃၀ ရက်နေ့ နံနက် ၈း၀၀နာရီမှာ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

မိုင်းသောက်ကျေးရွာအုပ်စု၊ ပါနွေး (မြောက်)ရွာမှ စတင်ပြီးတော့ ပေပင်အင်းကျေးရွာထိပ်အထိ လမ်းမကြီးအတိုင်း ဒေသခံတောင်သူ ၁၀၀ကျော်က စီတန်းလည့်လည်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြတာဖြစ်ပါတယ်။

ချီတက်ရာ လမ်းတစ်လျှောက်မှာလည်း နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ တောင်သူလယ်သမားအရေးတော်ပုံ ခေါင်းဆောင် ဆရာစံ ပုံတူ ဗီနိုင်းတွေ ကိုင်ဆောင်ကာ စီတန်းလည့်လည်ခဲ့ကြတာပါ။
" သိမ်းထားတာတော့ကြာပြီ ၉၅ခုနှစ်ကတည်းက လျော်ကြေးလည်းထိုက်ထိုက်တန်တန်မရဘူး အခုမှ ခရိုနီတွေ ၊ တိုက်ဖွန်းတွေကို ဟိုတယ်ဆောက်သလိုလို ဘာလိုလိုနဲ့ မြေတွေ ယူလာကြလို့ နှစ်နာတဲ့တောင်သူတွေက ဆန္ဒဖော်ထုတ်ကြတာပါ " လို့ ဆန္ဒဖော်ထုတ်ပွဲမှာ ၀န်းရံပါဝင်တဲ့ တရားလွှတ်တော်ရှေ့နေ ဦးသိန်းရွှေ ကပြောပါတယ်။
"တောင်သူမူလ ဓါးမဦးချမြေများ၏ မြေယာများ မတရားသိမ်းယူသွားခြင်းအပေါ် ဥပဒေနှင့်အညီ အမြန်စိစစ်ဆောင်ရွက်ပေးပါ" "လွှတ်တော်ကိုယ်စားလှယ်များ ပြည်သူ့အသံနားထောင်ပေးပါ "အစရှိတဲ့ စာသားပါ ဗီနိုင်းဆိုင်းဘုတ်တွေကို လည်း ဆန္ဒဖော်ထုတ်ပွဲမှာ ပါဝင်တဲ့တောင်သူတွေက ကိုင်ဆောင်ခဲ့ကြပါတယ်။

ဒီဆန္ဒဖော်ထုတ်ပွဲကို မိုင်းသောက်ကျေးရွာအုပ်စုရှိ ပါနွေးမြောက်ရွာအပါအ၀င် ကျေးရွာ ၅ ရွာမှ မြေသိမ်းခံတောင်သူတွေ ပူးပေါင်းပါဝင်ခဲ့ပြီး တရားဝင် ခွင့်ပြုချက် ငြိမ်းစုစီနဲ့ဆန္ဒဖော်ထုတ်ခဲ့တာဖြစ်တယ်လို့ ညောင်ရွှေမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရပါတယ်။

ဆန္ဒဖော်ထုတ်ခဲ့တဲ့ ကျေးရွာသားတွေရဲ့ မြေယာဧက ၄၀ကျော်ကို ၁၉၉၁ ခုနှစ်ကတည်းက သိမ်းဆည်းထားတာဖြစ်တယ်လို့ ဆန္ဒဖော်ထုတ်ရာမှာပါဝင်တဲ့ကျေးရွာသားအချို့ကပြောပါတယ်။

သတင်း -အယ်ငဲ (ညောင်ရွှေ) ဓာတ်ပုံ-နေမျိုးသူရိန်
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
မိုင်းသောက်ကျေးရွာအုပ်စုရှိ တောင်သူ ၁၀၀ကျော်သိမ်းဆည်းခံမြေယာများ ပြန်လည်ရရှိရေး အတွက် ဆန္ဒဖော်ထုတ် မိုင်းသောက်ကျေးရွာအုပ်စုရှိ တောင်သူ ၁၀၀ကျော်သိမ်းဆည်းခံမြေယာများ ပြန်လည်ရရှိရေး အတွက် ဆန္ဒဖော်ထုတ် Reviewed by THITHTOOLWIN on 17:00 Rating: 5
Powered by Blogger.