ကယ်ဆယ်ရေးစခန်း ၃ ခုကို ပိတ်သိမ်းပြီး ပြန်လည်နေရာချထားဖို့ စီစဉ်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့က မွတ်စလင် ဒုက္ခသည်စခန်းတစ်ခုကို တွေ့ရစဉ်။ Photo: Min Thein Aung/ RFA
ရခိုင်ပြည်နယ် စစ်တွေ၊ ကျောက်တော်၊ မြေပုံ စတဲ့ မြို့နယ်သုံးခုမှာ ကနဦးအနေနဲ့ IDP ကယ်ဆယ်ရေးစခန်း ၃ ခုကို ပိတ်သိမ်းပြီး ပြန်လည်နေရာချထားရေး စတင်ပြင်ဆင်နေပြီလို့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရေး ကော်မတီက ပြောပါတယ်။

ကျောက်တော်မြို့နယ် နိဒင် IDP စခန်းနဲ့ မြေပုံမြို့ တောင်ပေါ် IDP စခန်းတွေအတွက် နေအိမ်တွေ ဆောက်လုပ်ဖို့ မြေညှိတာတွေလုပ်ဆောင်နေပြီလို့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရေး ကော်မတီ ညွှန်ကြားရေးမှူး ဒေါက်တာ အောင်သူရိန်က ဒီနေ့ ပြောပါတယ်။

ကျောက်တော်မြို့နယ် နိဒင်ကျေးရွာက IDP စခန်းမှာရှိတဲ့ အိမ်ထောင်စု ၈၀ ကျော်အတွက် အဲဒီနိဒင်ရွာအဝင်နားမှာပဲ နေအိမ်တွေ ဆောက်လုပ်ပေးသွားမှာဖြစ်ပြီး မြေပုံမြို့ တောင်ပေါ် IDP စခန်းအတွက်လည်း အလားတူ အဲဒီအနီးမှာ နေအိမ်သစ်တွေနဲ့ ပြန်လည်နေရာချထားမှာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်တွေမြို့နယ် ခေါင်းဒုက္ကာ အမှတ်(၁)နဲ့ အမှတ်(၂) IDP စခန်းတွေကိုဖျက်သိမ်းပြီး ပြန်လည်နေရာချထားဖို့ အတွက် စခန်းတာဝန်ခံတွေ၊ စခန်းမှာနေထိုင်သူတွေနဲ့ စတင်ညှိနှိုင်းနေတယ်လို့လည်း ပြောပါတယ်။

ကျောက်ဖြူမြို့မှာရှိတဲ့ ကျောက်တစ်လုံး IDP စခန်းကိုလည်း ဖျက်သိမ်းပြီး ပြန်လည်နေရာချထားဖို့ရှိပေမယ့် လောလောဆယ်မှာတော့ မြေနေရာရွေးချယ်တဲ့အဆင့်မှာပဲ ရှိတယ်လို့ သိရပါတယ်။

အဲဒီ IDP စခန်းတွေဟာ ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေအတွင်း မွတ်စလင်တွေကို အစိုးရက ယာယီပြောင်းရွှေ့နေရာချထားခဲ့ကြတဲ့ စခန်းတွေဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org/burmese
ကယ်ဆယ်ရေးစခန်း ၃ ခုကို ပိတ်သိမ်းပြီး ပြန်လည်နေရာချထားဖို့ စီစဉ် ကယ်ဆယ်ရေးစခန်း ၃ ခုကို ပိတ်သိမ်းပြီး ပြန်လည်နေရာချထားဖို့ စီစဉ် Reviewed by THITHTOOLWIN on 19:46 Rating: 5
Powered by Blogger.