ဘီဘီစီ သတင်းထောက်ဟောင်း ဦးစိန်ကျော်လှိုင် ကွယ်လွန်

 ဦးစိန်ကျော်လှိုင်
ဘီဘီစီ နဲ့ အာရ်အက်ဖ်အေ ၊ ခေတ်ပြိုင် သတင်း ဂျာနယ်တွေမှာ သတင်းထောက် အယ်ဒီတာ တာဝန်တွေ ယူခဲ့တဲ့ ဦးစိန်ကျော်လှိုင်ဟာ အသက် ၆၆ နှစ် အရွယ်မှာ သူ့ဇာတိ တောင်သာ မြို့နယ် ဝဲလောင်ရွာမှာ ကွယ်လွန်သွားပါတယ်။

ဦးစိန်ကျော်လှိုင်ဟာ ဥမ္မာခင် ခေါ် ဗစ်ကီဘိုးမန်းနဲ့အတူ မြသန်းတင့်ရဲ့ အညတြ ရုပ်ပုံလွှာများကို အင်္ဂလိပ်လို ပြန်ဆိုခဲ့သလို ဟန်တင်အောင် အမည်နဲ့ နိုင်ငံရေး သုံးသပ်ချက်တွေ ရေးခဲ့ပါတယ်။

စုံစမ်း ထောက်လှမ်း သတင်းယူရာမှာ ထင်ရှားတဲ့ ဦးစိန်ကျော်လှိုင်ရဲ့ တင်ဆက်မှုတွေကို နှစ်ခြိုက် အားပေးသူတွေ များပြားခဲ့ပါတယ်။

မြန်မာ နိုင်ငံ မှာ သတင်း အမှောင်ချ ခံရတဲ့ ကာလတွေမှာ သူ့ရဲ့ ရေဒီယို မေးမြန်းခန်းတွေကို လူတွေက စောင့်မျှော် အားပေးခဲ့တယ် လို့လည်း သိရပါတယ်။
ဥမ္မာခင်နဲ့ စိန်ကျော်လှိုင် ဘာသာပြန်တဲ့ အညတြရုပ်ပုံလွှာများ
စက်မှုတက္ကသိုလ် ကျောင်းသားဘဝ ထဲက စက်မှု တက္ကသိုလ် မဂ္ဂဇင်း အယ်ဒီတာ၊ ကဗျာ နဲ့ ဘာသာပြန် ရေးသူ အဖြစ် စတင်ခဲ့တဲ့ ဦးစိန်ကျော်လှိုင်ဟာ အင်္ဂလိပ် စာကို ဂျာနယ်ကျော် မမလေးရဲ့သား စာရေးဆရာ ဦးမိုးဟိန်း ဆီကနေ သင်ယူခဲ့တယ်လို့ သူနဲ့ ကျောင်းနေဘက် စံပယ်ဖြူ မဂ္ဂဇင်း အယ်ဒီတာ ဟောင်း ဦးမြင့်အောင်က ပြောပါတယ်။

ဓာတု အင်ဂျင်နီယာ အဖြစ် စလေ ဓာတ်မြေသြဇာ စက်ရုံမှာ လုပ်ခဲ့ပြီး ၁၉၈၈ အရေးအခင်း နောက်ပိုင်း အလုပ်က ထွက်ပြီး ရန်ကုန်မှာ စာအုပ်ဟောင်း ရောင်းခဲ့တယ် လို့လည်း ဆိုပါတယ်။
၈၈ အပေါ် သမိုင်းပါမောက္ခရဲ့ သုံးသပ်ချက်

အဲဒီနောက် ဗြိတိသျှ သံရုံးမှာ ဆက်သွယ်ရေး အရာရှိ လုပ်ခဲ့ပြီး ဗြိတိန်ကို သင်တန်းလာရင်း မပြန်တော့ဘဲ ဘီဘီစီ အသံလွှင့်ဌာနမှာ လုပ်ကိုင်ခဲ့တာ လို့ သိရပါတယ်။
ဘီဘီစီ အသံလွှင့်ဌာန အဆောက်အအုံဟောင်း
ဘီဘီစီမှာ လုပ်ရင်း မြသန်းတင့်၊ နေဝင်းမြင့်နဲ့ မသီတာ စမ်းချောင်း စတဲ့ မြန်မာ စာရေးဆရာတွေရဲ့ လက်ရာတွေကို ဥမ္မာခင် ခေါ် ဗစ်ကီဘိုးမန်းနဲ့ အင်္ဂလိပ်လို ပြန်ဆိုခဲ့ပါတယ်။

အာရ်အက်ဖ်အေကို ရွှေ့ပြောင်း လုပ်ကိုင်ခဲ့ပြီးနောက် ဦးစိန်ကျော်လှိုင်ဟာ ထိုင်း အခြေစိုက် ခေတ်ပြိုင် ဂျာနယ်နဲ့ မီဒီယာမှာ အယ်ဒီတာ အဖြစ် လုပ်ကိုင်ခဲ့ပါတယ်။

အဲဒီအချိန်ကလည်း ခေတ်ပြိုင် ဂျာနယ်ကို ထိုင်းရောက် မြန်မာ အလုပ်သမားတွေ စောင့်မျှော် ဖတ်ရှုခဲ့ကြတာပါ။

၂ဝ၁၁ မြန်မာပြည် နိုင်ငံရေး အပြောင်းလဲတွေ ဖြစ်ပြီးနောက် ဦးစိန်ကျော်လှိုင် မြန်မာပြည် ပြန်တယ်၊ လေဆိပ်မှာ ထိန်းသိမ်းခံရတယ် ဆိုပြီး သတင်းဖြစ်ခဲ့ပါတယ်။

ဒီသတင်းတွေ မဟုတ်ကြောင်း ဦးစိန်ကျော်လှိုင်က တုံ့ပြန် ရှင်းလင်းခဲ့ပါတယ်။

အဲဒီနောက် ဘားအံမှာ ဂျပန် အကူအညီပေးရေး အဖွဲ့ အတွက် အလုပ်လုပ်ခဲ့ရင်း နိုင်ငံရေး သုံးသပ်ချက်တွေ ရေးသားခဲ့ပါတယ်။
တနယ်တည်းသား ဦးအောင်သောင်း
ဦးစိန်ကျော်လှိုင်ဟာ စစ်အာဏာရှင် စနစ်ကို မလိုလားသူမို့ သူနဲ့ တနယ်တည်းသား ဖြစ်တဲ့ ဦးအောင်သောင်းရဲ့ လုပ်ရပ်တွေကို ဝေဖန် ရေးသား ခဲ့တယ်၊ ဒါကို ဦးအောင်သောင်းဘက်က ဘယ်လို သဘောထားမယ် မသိဘူးလို့လည်း စံပယ်ဖြူ အယ်ဒီတာဟောင်း ဦးမြင့်အောင်က ပြောပါတယ်။

မြန်မာ နိုင်ငံ အပြောင်းအလဲမှာ ပြည်သူတွေဟာ ဒီထက် ထိုက်တန်တဲ့ အပြောင်းအလဲကို ရသင့်ပေမယ့် မရခဲ့တာကိုလည်း သူရှိစဉ်က ထောက်ပြ ခဲ့ဖူးတယ်လို့ ဆိုပါတယ်။

ဒီမအောင်မြင်မှုတွေ အတွက် မည်သူ့ကိုမှ အပြစ်တင် ပြောဆိုခဲ့တာတော့ မရှိဘူးလို့လည်း ဆိုပါတယ်။

BBC Burmese
http://www.bbc.com/burmese
ဘီဘီစီ သတင်းထောက်ဟောင်း ဦးစိန်ကျော်လှိုင် ကွယ်လွန် ဘီဘီစီ သတင်းထောက်ဟောင်း ဦးစိန်ကျော်လှိုင် ကွယ်လွန် Reviewed by THITHTOOLWIN on 21:34 Rating: 5
Powered by Blogger.