ရန်ကုန်-ပုသိမ်ကားလမ်းမကြီးဘေးမှ စွန့်ပစ်ခံအလောင်းမှာ ချောင်းသာသို့ အငှား လိုက်လာသည့် Taxi ယာဉ်မောင်းတစ်ဦးဖြစ်နေ

ဓါတ်ပုံ - Yin Htoo Maw
ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ် ရန်ကုန်-ပုသိမ်ကားလမ်းမကြီး မိုင်တိုင် ၆၀ နှင့် ၆၀ မိုင် ၁ ဖာလုံကြား လမ်းဘေးတွင် မတ်လ ၁၈ ရက် နံနက်ပိုင်းက ဒဏ်ရာများနှင့် လာရောက်စွန်ပစ်ခံခဲ့ရသည့် အမျိုးသားအလောင်းမှာ ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်နေထိုင်သည့် အငှားယာဉ်မောင်းတစ်ဦး၏ အလောင်းဖြစ်ကြောင်း ကျောင်းကုန်းမြို့မ ရဲစခန်းမှ သိရှိရသည်။

သေဆုံးသူမှာ ရွှေပြည်သာမြို့နယ် ၂၀ ရပ်ကွက် ဘိုကလေး ၂ လမ်း တွင် နေထိုင်သည့် အသက် ၃၆ နှစ်အရွယ် ဦးအေးမင်းဦး (ခ)ဝတုတ်ဆိုသူဖြစ်ပြီး ၎င်း၏ကား DD 9313 Probox အဖြူရောင်ဖြင့် ချောင်းသာကမ်းခြေသို့ လေးရက်အိပ် အငှားလိုက်လာစဉ် အပြန်ခရီးတွင် အသတ်ခံခဲ့ရခြင်းဖြစ်ပြီး အလောင်းစွန့်ပစ်သည့်မနက် ၄ နာရီ ၂၇ မိနစ်က ကားမှာ ဗိုလ်မြတ်ထွန်းတံတားက်ု ဖြတ်သန်းသွားသည့် CCTV ရရှိထားပြီး တရားခံများ ဖမ်းဆီး ရမိရေး ဆက်လက်စုံစမ်းနေကြောင်း ကျောင်းကုန်းမြို့မ ရဲစခန်းမှ သိရသည်။

“ကျွန်တော်တို့အခုတော့ စိစစ်ဆဲပဲ ချောင်းသာကို အငှားလိုက်လာတာလို့ သိရတယ်။ အလောင်းက ပြင်ပ ဒဏ်ရာတွေကိုလည်း ဆရာဝန်ကြီးနဲ့ စစ်ပြီး သေဆုံးချိန်ဘယ်တော့လောက်လဲ တိုးလ်ဂိတ်က ယာဉ်ဖြတ်သန်း ချိန်တွေနဲ့ တိုက်ပြီးစစ်ဆေးနေတယ်။”ဟု ကျောင်းကုန်းမြို့မ ရဲစခန်းမှ ဒုရဲမှူး မြင့်အောင်က ပြောသည်။

အလောင်းမှာ အုပ်ထားသည့် ပုဆိုးတစ်ထည် အမည်းရောင်ကားနောက်ကူရှင်အစွပ်တစ်ခုသာ သဲလွန်စအဖြစ် ရရှိထားပြီး လမ်းပေါ်မှ ဆွဲချထားသည့် သွေးစွပ်ကြောင်းကိုလည်း တွေ့ရကြောင်း ကားငှားရမ်းသူများကို စုံစမ်းနေကြောင်း ကားကိုတွေ့ရှိပါက ကျောင်းကုန်းမြို့မ ရဲစခန်း နယ်ထိန်းဖုန်း 095413967 ကို ဆက်သွယ် သတင်းပေးပို့နိုင်ကြောင်း သိရသည်။

“ဗိုလ်မြတ်ထွန်းတံတား တိုးလ်ဂိတ်ကို ကားဖြတ်သွားတဲ့ CCTV မှတ်တမ်းမှာတော့ ၄ နာရီ ၂၇ မိနစ် ၂၆ စက္ကန့် မှာပဲ လူလည်းအများကြီးပါမလာဘူး ဒါပေမဲ့ ဂိတ်က ငွေကောက်တဲ့ သူတွေကတော့ ကားတွေအများကြီး ဖြတ်သွား ဖြတ်လာ လုပ်တော့ သိပ်မမှတ်မိဘူး ဖြစ်နေတယ်လို့ သိရတယ်။”ဟု ဗိုလ်မြတ်ထွန်းတံတားအနီးရှိ ဒေသခံ တစ်ဦးက ပြောသည်။

ဖြစ်စဉ်အရ ကျောင်းကုန်းမြို့မ ရဲစခန်းက (ပ) ၆၈/၂၀၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားပြီး လူသတ်တရားခံကို အမြန်ဆုံး ဖမ်းဆီးရမိရေး စုံစမ်းနေကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
ရန်ကုန်-ပုသိမ်ကားလမ်းမကြီးဘေးမှ စွန့်ပစ်ခံအလောင်းမှာ ချောင်းသာသို့ အငှား လိုက်လာသည့် Taxi ယာဉ်မောင်းတစ်ဦးဖြစ်နေ ရန်ကုန်-ပုသိမ်ကားလမ်းမကြီးဘေးမှ စွန့်ပစ်ခံအလောင်းမှာ ချောင်းသာသို့ အငှား လိုက်လာသည့် Taxi ယာဉ်မောင်းတစ်ဦးဖြစ်နေ Reviewed by THITHTOOLWIN on 18:59 Rating: 5
Powered by Blogger.