NCA စာချုပ်ကို လက်ခံလိုက်ပြီဆိုတဲ့ သတင်းမမှန်ကြောင်း UWSA ကြေညာချက်ထုတ်

UWSA "ဝ" တပ်ဖွဲ့ဝင်အချို့ကို တွေ့ရစဉ်/ Photo: Kan Thar/ RFA
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် NCA ကို "၀" ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA လက်ခံလိုက်ပြီဆိုတဲ့ သတင်းတွေဟာ မှန်ကန်မူမရှိဘူးလို့ "၀" အဖွဲ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

UWSA လားရှိုးရုံး ဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းက အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ ဆက်လက်ဆွေးနွေးရမှာတွေ အများကြီးရှိနေသေးတယ်လို့ ဒီနေ့ အတည်ပြု ပြောပါတယ်။

"ဒီလိုကိစ္စတွေ ဖြစ်လာပြီးနောက်ပိုင်း ရှေ့ဆက်ပြီးမှ ငြိမ်းချမ်းရေးကော်မရှင်နဲ့ ဘယ်လိုမျိုးဆွေးနွေးမူတွေရှိ မရှိ အဲဒါတော့ ကျနော်က မသိရသေးဘူးလေနော်၊ အရင်တုန်းက တွေ့ဆုံဆွေးနွေးမှုတွေလည်း ရှိတယ်၊ စာနဲ့ အပြန်အလှန် ဆက်သွယ်မူတွေလည်း ရှိတယ်၊ အဲလောက်ပဲ ကျနော်ပြောနိုင်တယ်လေ၊ ဆက်လက်ဆွေးနွေးရ မယ့် အပိုင်းတွေ အများကြီးရှိသေးတယ်လေနော်"

UWSA "၀" နဲ့ မိုင်းလားအဖွဲ့တို့ NCA စာချုပ်ကို လက်ခံလိုက်ပြီလို့ အစိုးရငြိမ်းချမ်းရေးကော်မရှင် အဖွဲ့ဝင်တစ်ဦးရဲ့ ပြောဆိုချက်ကို ကိုးကားပြီး သတင်းမီဒီယာတစ်ခုက ဖော်ပြပြီးနောက်မှာ အဲဒီကိစ္စဟာ မဟုတ်မှန်ကြောင်း "၀" အဖွဲ့က မတ်လ ၁၆ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ အဲဒီလို မမှန်ကန်တဲ့ သတင်းကြောင့် ရှေ့ဆက်ဖို့ခက်ခဲနေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အနှောင့်အယှက်ဖြစ်စေတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အပစ်အခတ်ရပ်စဲရေးကို ဆန့်ကျင်တာမရှိပေမယ့် "၀" အဖွဲ့ ပါဝင်ဆွေးနွေးခဲ့ခြင်းမရှိတဲ့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် NCA ပါ အချက်တချို့ကို လက်မခံတဲ့အတွက် အစိုးရ၊ တပ်မတော်တို့နဲ့ ဆက်လက် ညှိုနှိုင်းရဦးမှာ ဖြစ်တယ်လို့ ပြောပါတယ်။

မြောက်ပိုင်းက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဝင်တွေအားလုံး ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပါဝင်လာနိုင်ဖို့ အာမခံချက်ပေးနိုင်တဲ့ စာချုပ်ရရှိရေးအတွက် ပထမဦးဆုံး NLD အစိုးရ၊ တပ်မတော်နဲ့ "၀"အဖွဲ့ ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးဖို့လိုတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးဖို့ လမ်းကြောင်းပွင့်နေပြီဖြစ်ပေမယ့် UWSA "၀" အဖွဲ့က တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် NCA ကို လက်ခံလိုက်တာမဟုတ်ဘူးလို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး ကြိုးပမ်းမှုအတွက် "၀" အဖွဲ့အနေနဲ့ အမြဲတမ်းထောက်ခံ ခဲ့ပြီး လက်နက်အင်အားနဲ့ စစ်ပွဲဟာ ဦးစားပေး ရွေးချယ်မှုမဟုတ်ကြောင်း၊ ဒါကြောင့်လည်း လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ်က "၀" နဲ့ အစိုးရတို့ ငြိမ်းချမ်းရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့တာလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ အစိုးရက အဲဒီငြိမ်းချမ်းရေး ခံဝန်ချက်ကို ဖျောက်ဖျက်ပြီး "၀" အဖွဲ့ မပါဝင်ခဲ့တဲ့ NCA စာချုပ်ကို ဖန်တီးပြီး NCA စာချုပ်ကို လက်မှတ်ထိုးဖို့ကိုသာ အမြဲတမ်း တိုက်တွန်းနေကြောင်း ဖော်ပြထားပါတယ်။ အလားတူ NLD ဦးဆောင် တဲ့ အစိုးရကလည်း အဲဒီ NCA လမ်းကြောင်းကိုသာ အမွေဆက်ခံခဲ့တာကြောင့် အစိုးရ၊ တပ်မတော်နဲ့ "၀"အဖွဲ့တို့ ကြားမှာ သဘောထားကွဲလွဲမူ ဖြစ်ပေါ်ခဲ့ရတယ်လို့ ထည့်သွင်းဖော်ပြထားပါတယ်။

RFA Burmese
https://www.rfa.org/burmese
NCA စာချုပ်ကို လက်ခံလိုက်ပြီဆိုတဲ့ သတင်းမမှန်ကြောင်း UWSA ကြေညာချက်ထုတ် NCA စာချုပ်ကို လက်ခံလိုက်ပြီဆိုတဲ့ သတင်းမမှန်ကြောင်း UWSA ကြေညာချက်ထုတ် Reviewed by THITHTOOLWIN on 19:42 Rating: 5
Powered by Blogger.