#MeToo လှုပ်ရှားမှု နဲ့ နိုင်ငံတကာ အမျိုးသမီးများနေ့

#MeToo movement on International Women's Day 2018.
မတ်လ ၈ ရက်နေ့ဟာဆိုရင် အသားအရောင်၊လူမျိုး၊ဘာသာစကား လူမှုစီးပွားနောက်ခံ မခွဲခြားပဲ အမျိုးသမီးအားလုံးရဲ့ အောင်မြင်မှုတွေကို အသိအမှတ်ပြုတဲ့ နိုင်ငံတကာ အမျိုးသမီးများနေ့ဖြစ်ပါတယ်။ မြောက်အမေရိကားတိုက်နဲ့ ဥရောပတလွှားက ၂၀ ရာစုနှောင်ပိုင်း အလုပ်သမားလှုပ်ရှားမှုတွေကနေ ဒီနေ့ ပေါ်ထွက်လာတာပါ။ VOA Pugged In အစီအစဉ်မှာ Greta Van Susteren မေးမြန်းထားတာကို အခြေခံပြီး၊ VOA ရဲ့ Steve Redisch က အမျိုးသမီးများလိင်ပိုင်းဆိုင်ရာစော်ကားခံရမှုအခြေအနေနဲ့ အမျိုးသမီးတွေရဲ့အခွင့်အရေးအခြေအနေတွေကို နိုင်ငံတကာ အမျိုးသမီးနေ့ အစီအစဉ်အဖြစ် သတင်းရေးသားထားပါတယ်။ ကိုသားညွန့်ဦးက ပြောပြမှာပါ။

အမျိုးသမီးကို လိင်ပိုင်းဆိုင်ရာထိပါးစော်ကားမှုကို ဖော်ထုတ် ဆန့်ကျင်တဲ့ Hashtag MeToo နဲ့ Hashtag NO MORE ဆိုတဲ့ လူမှုကွန်ယက်ပေါ်က လှုပ်ရှားမှုတွေဟာ နိုင်ငံတကာအမျိုးသမီးနေ့ရဲ့ အဓိက လှုပ်ရှားမှုတွေဖြစ်လာပါတယ်။ VOA Plugged In အစီအစဉ်မှာ Greta Van Susteren က အောက်လွှတ်တော်အမတ် Susan Brooks ကို မေးမြန်းထားရာမှာ လိင်ပိုင်းဆိုင်ရာထိပါးစော်ကားမှုတွေကို ကိုင်တွယ်ရာမှာ အမေရိကန်ပုဂ္ဂလိကဏ္ဍပိုင်းဟာ အစိုးရထက်ကို ဦးစွာ ဆောင်ရွက်ခဲ့တာလို့ဆိုပါတယ်။

"အောက်လွှတ်တော်ရဲ့ ကျင့်ဝတ်ဆိုင်ရာကော်မတီဥက္ကဌတဦးအနေနဲ့ပြောရရင် လွှတ်တော်အနေနဲ့လည်း ဒီကိစ္စကို သေသေချာချာ ကိုင်တွယ်နေပါတယ်။ လိင်ပိုင်းဆိုင်ရာထိပါးစော်ကားမှုတွေကို လူတွေ ထုတ်ပြောလာကြဖို့ လွှတ်တော်ထဲက အမျိုးသမီး အမျိုးသားတွေဦးဆောင်ပြီး ပါတီကြီးနှစ်ရပ်လုံးက ကြိုးပမ်းခဲ့တဲ့အပေါ် ပါဝင်နိုင်ခဲ့လို့ အင်မတန်ဂုဏ်ယူဝမ်းမြောက်မိပါတယ်။"

အမေရိကန်ပြည်ထောင်စုတလွှားမှာ အတော်လေးပျံနှံနေတဲ့ လူမှုကွန်ယက်ပေါ်က ဒီ အမျိုးသမီးလှုပ်ရှားမှုတွေဟာ ပါကစ္စတန်လို နေရာတွေထိပါ ဂယက်ရိုက်ခဲ့တယ်လို့ ဗွီအိုအေ ပါကစ္စတန်ဗျူရိုရုံးအကြီးအကဲ Ayesha Tanzeem က ပြောပါတယ်။

"အမေရိကန်မှာ စခဲ့တဲ့ MeToo လှုပ်ရှားမှုတွေဟာ ပါကစ္စတန်နဲ့ အာဖဂနစ္စတန်မြို့ပေါ်တွေမှာတောင် ဂယက်ထ ခဲ့ပါတယ်။ ပါကစ္စတန်က အမျိုးသမီးတွေဟာ MeTooဆိုပြီး ကိုယ့်ဖြစ်စဉ်တွေကိုရေးတင် ကျမတို့လည်း အလားတူ ခံစားရပါတယ်ဆိုပြီး ဟောလိဝုဒ်က လှုပ်ရှားမှုတွေနဲ့ပါ ဆက်စပ်လာနေပါတယ်။"

လူမှုကွန်ယက်ဟာဆိုရင် အမျိုးသမီးအခွင့်အရေးလှုပ်ရှားမှုတွေအတွက် အရေးပါတဲ့ နေရာတခုဖြစ်လာတယ်လို့ Partners Global အဖွဲ့က Kamissa Camara ကလည်း ပြောပါတယ်။

“ Facebook တို့ Twitter တို့ပေါ်မှာ အိမ်တွင်းအနိုင်ကျင့် အကြမ်းဖက်မှုတွေ နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေ ရေးတင်တာ ပိုပို ပြီး တွေ့လာရပါတယ်။ ဒါကြောင့် အမျိုးသမီးတွေအနေနဲ့ လိင်ပိုင်းဆိုင်ရာထိပါးစော်ကားမှုအပြင် အခြားအမျိုးသမီးတွေ သူတို့အိမ်တွေမှာ ကြုံရတာတွေကို ပိုပြီး သတိပြုမိလာကြပါတယ်။ သူတို့အချင်းချင်း စကားပြောဆိုကြပြီးတော့ တယောက်နဲ့တယောက် အကြံပေး လမ်းညွှန်ကြတယ်၊ ဒီ အခြေအနေတွေကို ဘယ်လိုရင်ဆိုင်မလဲဆိုတာ တယောက်နဲ့တယောက် တိုင်ပင်ပြောဆိုလာကြတယ်။"

၁၉၉၅ ခုနှစ်မှာ သမ္မတကတော်ဖြစ်တဲ့ ဟယ်လာရီကလင်တန်ဟာ တရုတ်နိုင်ငံ ပေ့ကျင်းမှာလုပ်တဲ့ အမျိုးသမီးရေး ကုလသမဂ္ဂညီလာခံမှာ အမျိုးသမီး အခွင့်အရေးတွေနဲ့ပတ်သက်ပြီး အထင်ကရ ဆောင်ရွက်ခဲ့တာတွေရှိပါတယ်။

"ဒီ ညီလာခံကြီးက ပြောလိုက်တဲ့သတင်းစကားကတော့ လူ့အခွင့်အရေးဆိုတာ အမျိုးသမီးအခွင့်အရေးပါပဲ၊ အမျိုးသမီးအခွင့်အရေးဆိုတာဟာလည်း တကယ်တော့ လူ့အခွင့်အရေးပါပဲ။"

ဒါပေမယ့်လည်း ဒီညီလာခံကြီးလုပ်တာ ဆယ်စုနှစ်နှစ်ခု ရှိလာပေမယ့်လို့ ဖွံဖြိုးပြီးနိုင်ငံတွေမှာတောင်မှ အမျိုးသမီးအခွင့်အရေးတွေဟာ စိန်ခေါ်ချက်တွေ ရင်ဆိုင်နေရတုန်းပါပဲ။ အမေရိကန်လို နိုင်ငံမှာတောင် အမျိုးသမီးတွေ နိုင်ငံရေးထဲမှာ ပိုပါလာဖို့ လိုနေသေးတယ်လို့ အောက်လွှတ်တော်အမတ် Susan Brooks က ပြောပါတယ်။

“ ဦးဆောင်လုပ်ကိုင်မယ့်အမျိုးသမီးတွေ ပိုလိုအပ်နေပါတယ်။ အခြားတိုင်းပြည်တွေနဲ့ ယှဉ်ရင် အမေရိကန်က နောက်မှာ ကျန်နေပါတယ်။ အမေရိကန်ပြည်ထောင်စုထက် အခြားတိုင်းပြည်တွေမှာဆိုရင် လွှတ်တော်တွေထဲ အမျိုးသမီးတွေ ပိုမို ပါလာကြပါပြီ။ ဒါကြောင့် အစိုးရဌာနအဆင့်ဆင့်မှာ အမျိုးသမီးတွေ ပိုမို ပါဝင်ဦးဆောင်လာဖို့ လိုလားပါတယ်။”

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာတော့ အမျိုးသမီးတွေပါဝင်မှုဟာ ပိုပြိး အောင်မြင်နိုင် တယ်လို့ Kamissa Camara က ပြောပါတယ်။

“ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ အမျိုးသမီးတွေ ပါဝင်ခြင်းအားဖြင့် ငြိမ်းချမ်းရေးဟာပိုပြီး ခိုင်မာ တည်တံတယ်၊ လိင်အကြမ်းဖက်မှုမျိုးကိစ္စတွေလည်း ပျောက်ကွယ်ကုန်တယ်လို့ လက်တွေ့လေ့လာချက်အချို့မှာ တွေ့ရပါတယ်။”

Camara လို့ သုတေသီတွေကတော့ Liberia နိုင်ငံကို ဥပမာထားပြီး၊ နိုင်ငံရေးမှာ အမျိုးသမီး ပါဝင်မှုဟာ ပိုပြီး နိုင်ငံရေးအပြောင်းအလဲတွေဖြစ်စေတယ်လို့လည်း သုံးသပ်ထားကြပါတယ်။

သားညွန့်ဦး  / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
#MeToo လှုပ်ရှားမှု နဲ့ နိုင်ငံတကာ အမျိုးသမီးများနေ့ #MeToo လှုပ်ရှားမှု နဲ့ နိုင်ငံတကာ အမျိုးသမီးများနေ့ Reviewed by THITHTOOLWIN on 21:39 Rating: 5
Powered by Blogger.