ကုန်တင်ယာဉ်တစ်စီး ပစ်ခတ်ခံရ၊ လူနှစ်ဦး သေဆုံး

သေနတ်နဲ့ အပစ်ခံရတဲ့ ကုန်တင်ယာဉ်ကို ၂ဝ၁၈ ခုနှစ် မတ်လ ၁ဝ ရက်နေ့က ကျောက်မဲမြို့နယ်၊ ပင်တိန်ကျေးရွာအုပ်စု လွယ်လန်းလမ်းဆုံမှာ တွေ့ရစဉ်/ ဓါတ်ပုံ - ကမ်းလင့်လက်များ လူမှူကူညီရေးအသင်း အောင်ဓမ္မာရုံ နောင်ပိန်
ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၊ ပင်တိန်ကျေးရွာအုပ်စု လွယ်လန်းလမ်းဆုံမှာ နွားတွေတင်ဆောင်လာတဲ့ ကုန်တင်ယာဉ်တစ်စီး ဒီနေ့မနက်မှာ သေနတ်နဲ့ အပစ်ခံရတာကြောင့် ယာဉ်ပေါ်လိုက်ပါလာသူ နှစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

နွားတွေတင်ဆောင်လာတဲ့ ကုန်တင်ယာဉ်ကို လက်နက်ကိုင်ဆောင်လာသူ ၂ ဦးက သေနတ်နဲ့ ပစ်တာဖြစ်တယ်လို့ နောင်ပိန်နယ်မြေ ရဲစခန်းမှူး ရဲအုပ် ကျော်စွာဝင်းက ပြောပါတယ်။

"ဖြစ်စဉ်ကတော့ အောင်ဆန်းဝင်းကုမ္ပဏီပေါ့၊ မုံရွာကနေပြီးတော့ သူတို့က တရားဝင် စာရွက်စာတမ်းတွေနဲ့ မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာန တိရစ္ဆာန်သယ်ဆောင်ခွင့် စာရွက်စာတမ်းတွေ အကုန်ပါတယ်ဗျ၊ နွားအကောင် ၁၀၀ ကို ကား ၅ စီးနဲ့ သယ်တာဗျ၊ တစ်စီးကို အကောင် ၂၀ ပါတယ်၊ ဖြစ်တာက နောက်ဆုံးကားပေါ့၊ အဲဒီကားကို လွယ်လန်းလမ်းဆုံကနေ အမည်မသိစုံစမ်းဆဲပေါ့နော် လူတစ်ယောက်က ကားကို တားတယ်၊ တားတော့ လမ်းဘေးရပ်ပေး ရပ်ပေးတဲ့အချိန်မှာ ပစ်တာ၊ ၂ ယောက်ပေါ့၊ အမည်အဖွဲ့အစည်းစုံစမ်းဆဲ လက်နက်ကိုင်အဖွဲ့လို့ ပြောရမှာပေါ့၊ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ဆုံးသွားပါတယ်ဗျ"

ကားခေါင်းခန်းမှာပါလာတဲ့ ၃ ဦးထဲက ယာဉ်မောင်းအမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦး သေဆုံးခဲ့ပြီး နောက်ထပ် အမျိုးသမီး ၁ ဦး ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

အဲဒီဖြစ်စဉ်ကြောင့် ကားနောက်ခန်းမှာပါလာတဲ့ နွား ၂ ကောင်လည်း သေဆုံးခဲ့တယ်လို့ ပြောပါတယ်။

ပစ်ခတ်သူတွေကို စုံစမ်းနေဆဲဖြစ်ပြီး နယ်မြေခံတပ်တွေနဲ့ ရှင်းလင်းရေးဆောင်ရွက်နေတယ်လို့လည်း ရဲအုပ် ကျော်စွာဝင်းက ပြောပါတယ်။

အဲဒီကုန်တင်ယာဉ်တွေဟာ မူဆယ်မြို့ကို မောင်းနှင်လာတာဖြစ်ပြီး ဒဏ်ရာရရှိသူတစ်ဦးကိုတော့ ကျောက်မဲဆေးရုံ မှာ ဆေးကုသမှုခံယူထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကလည်း နောင်ချိုမြို့နယ်နဲ့ ကျောက်မဲမြို့နယ်အကြား ဂုတ်တွင်းလမ်းပိုင်း မိုင်တိုင်အမှတ် ၈၉ အနီးမှာ ကျွဲ၊ နွားတင်ဆောင်လာတဲ့ ကုန်တင်ယာဉ်တန်းအပစ်ခံရပြီး လူ ၄ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။

RFA Burmese
https://www.rfa.org/burmese
ကုန်တင်ယာဉ်တစ်စီး ပစ်ခတ်ခံရ၊ လူနှစ်ဦး သေဆုံး ကုန်တင်ယာဉ်တစ်စီး ပစ်ခတ်ခံရ၊ လူနှစ်ဦး သေဆုံး Reviewed by THITHTOOLWIN on 19:14 Rating: 5
Powered by Blogger.