လိင်ပိုင်းစော်ကားခံရမှု မြန်မာအမျိုးသမီးများလည်း ထုတ်ဖော်လာ

ရန်ကုန်မှာကျင်းပတဲ့ နိုင်ငံတကာအမျိုးသမီးများနေ့ ၂၀၁၈ခုနှစ်။
ဒီကနေ့ မတ်လ ၈ ရက်နေ့က နိုင်ငံတကာ အမျိုးသမီးများနေ့ ဖြစ်ပါတယ်။ တိုးတက်ဖို့ အတွက် တွန်းအားပေးကြစို့ Press for Progress ဆိုတဲ့ ဆောင်ပုဒ်နဲ့ အညီ မြန်မာ အမျိုးသမီးတွေရဲ့ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံတော် ဦးဆောင်မှု အခန်းကဏ္ဍတွေမှာ တန်းတူခွင့် အတွက် တွန်းအားပေးကြဖို့ နယ်ပယ် အသီးသီးက အမျိုးသမီးတွေက တိုက်တွန်းလိုက်ပါတယ်။ မသိင်္ဂီထိုက် စုစည်းတင်ပြထားပါတယ်။

“ မိန်းကလေးတွေက အဓိက အရှက်နဲ့ လူလုပ်နေတယ်။ သိက္ခာနဲ့ လူလုပ်နေတယ်ဆိုတာကို သိတယ်။ အဲဒါက ညီမတို့ရဲ့ အားနည်းချက်ဘဲပေါ့နော်။ ရှက်တတ်တာတို့ မပြောရဲတာတို့ အဲဒါတွေကို အဓိက အနိုင်ယူပြီးတော့ ခုတုံးလုပ်ပြီးတော့ အနိုင်ယူတယ်။ အဲဒီဟာ အပေါ်မှာမှ ညီမ ထပ်ပြီးတော့ ဒီလိုမျိုး မိန်းကလေးတွေလည်း မခံစေချင်တော့ဘူး။ မနစ်နာစေချင်တော့ဘူး။ ညီမတို့သာ ဆက်ပြီးတော့ မှန်ရက်သားနဲ့ ခေါင်းငုံ့ခံနေဦးမယ်ဆိုရင် ဒီကိစ္စတွေက ထပ်ဖြစ်နေဦးမှာဘဲ။ အခွင့်ကောင်းယူနေတဲ့ သူတွေကလည်း သူတို့ အတွက် အခွင့်ကောင်း ပိုပြီး ရနေသလို ဒီလိုမျိုး မလုပ်လိုက်ဘူးဆိုရင်လည်း အဲဒီလူက သူလုပ်နေတဲ့ အလုပ်ကို ဆက်လုပ်နေဦးမှာဘဲ။ အဲဒီဟာတွေ ထပ်ပြီးတော့ ဖြစ်ပွားနေဦးမှာဘဲ။ အခုလက်ရှိ ဖြစ်နေတဲ့ သက်ငယ်မုဒိမ်း အမှုဆိုရင်လည်း ဒီလိုမျိုး သေးသေးလေးတွေက စလာခဲ့တာဘဲပေါ့နော်။ ဒီလိုမျိုး သေးသေးလေးကနေ များလာလာ နောက်ကျ။”

အနုပညာရှင် ဒိန်းပိုပိုဒေါင်ပါရှင်။ သူမ ဆယ်ကျော်သက် အရွယ်မှာ လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားခံရမှု အတွက် တရားရုံးမှာ တရားရင်ဆိုင်နေသူလည်း ဖြစ်ပါတယ်။ အမျိုးသမီးတွေ အပေါ် လိင်ပိုင်းဆိုင်ရာ ထိပါး စော်ကားမှုတွေကို ပြီးခဲ့တဲ့ နှစ် အတွင်း နိုင်ငံတကာမှာ ထင်ရှားကျော်ကြား အမျိုးသမီးတွေ အပါအ၀င် နယ်ပယ် အသီးသီးက အမျိုးသမီးတွေရဲ့ MeToo ကျမလည်း ထပ်တူ ခံစားခဲ့ရပါတယ်ဆိုတဲ့ လှုပ်ရှားမှုနဲ့ အတူ မြန်မာ အမျိုးသမီး လူငယ်ထု ကြားမှာလည်း လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားခံရမှုတွေကို ထုတ်ဖော် ပြောဆိုလာကြတာပါ။

အမျိုးသား လွှတ်တော် အမျိုးသမီးနဲ့ ကလေးသူငယ်များဆိုင်ရာ ကော်မတီ အတွင်းရေးမှူး လွှတ်တော် အမတ် နော်လှလှစိုးကတော့ အမျိုးသမီးတွေရဲ့ အခုလို ရဲရင့်တဲ့ လုပ်ရပ်တွေကို ကြိုဆိုကြဖို့ ၀ိုင်းဝန်းကြဖို့ တိုက်တွန်းလိုက်ပါတယ်။

“ အရင်တုန်းကဆိုရင် ဒီလိုအမှုတွေက လူမသိ သူမသိ ပျောက်သွားတာလေ။ အခု ဒီလိုမျိုး ခံစားတဲ့ အမျိုးသမီးတွေ ကိုယ်တိုင် ဖွင့်ဖော် ပြလာတဲ့ အခါမှာ ကျမတို့ ကြိုဆိုရမယ်။ ဒါကို အမှန်တရား ဖြစ်အောင် ကျမတို့ အစိုးရကရော၊ လွှတ်တော်ရော၊ နောက် လူ့အသိုင်းအ၀ိုင်း အားလုံးက ဒီ အမှုမှန် ပေါ်ပေါက်အောင် ၀ိုင်းဝန်းအားပေးရမယ်။ နောက်ပြီးတော့ တရားမျှတမှု ရအောင်ပေါ့နော်။ နစ်နာတဲ့ သူတွေ တရားမျှတမှု ရအောင် အားလုံး ၀ိုင်းဝန်းပြီးတော့ ကူညီပေးရမယ်။ ဒါကိုတော့ ကျမက အများကြီး ကြိုဆိုတယ်။ ”

“ ကျမတို့ နိုင်ငံမှာ Victim Blaming ပေါ့ ခံရတဲ့သူတွေကို အပြစ်ပြောတဲ့ Culture (အလေ့အထ) ကြီးကိုလည်း ကျမတို့က တိုက်ဖျက်ရမယ်။ ဒီလိုမျိုး မတရား အလုပ်ခံရတာ အ၀တ်အစားကြောင့်၊ NO ဒါ ကျမတို့ လက်မခံနိုင်ဘူး။ ညဘက် ထွက်လို့ မဟုတ်ဘူးနော်။ ဒါ လူတယောက်ရဲ့ လွတ်လပ်ခွင့် ရှိရမယ်။ တခုခု ဆိုလို့ ရှိရင် Victim Blaming ပေါ့ အဲဒါတွေကတော့ တော်တော် ကျယ်ကျယ်ပြန့်ပြန့် ရှိနေတုန်းဘဲ။ ”

အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှုတွေမှာ အမျိုးသမီးတွေကို အပြစ်တင်ကြတဲ့ မြန်မာ လူ့အဖွဲ့အစည်းရဲ့ အလေ့အထ ပြင်ရမယ်လို့ လွှတ်တော် အမတ် နော်လှလှစိုးက တိုက်တွန်းလိုက်တာပါ။ လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားမှုတွေကတော့ နေရာတိုင်းမှာ နည်းမျိုးစုံနဲ့ ရှိနေတာ ဖြစ်ပြီး အခြေခံ အမျိုးသမီး အလုပ်သမား ထုကြီးကြားမှာတော့ လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားမှုဆိုတာ ကိုယ်ထိလက်ရောက် ကျူးလွန်မှ မြောက်တယ်လို့တောင် ထင်နေကြတယ်လို့ ပြောလာသူကတော့ အလုပ်သမားရေး လှုပ်ရှားသူ မသက်သက်အောင် ဖြစ်ပါတယ်။ အခြေခံ အလုပ်သမားတွေ ဖြစ်ကြတဲ့ မြန်မာ အမျိုးသမီးထုဟာ အလုပ်ထဲမှာဘဲ အချိန်ကုန်နေကြပြီး ဘ၀ တိုးတက်ရာ တိုးတက်ကြောင်း အတွက် အချိန်မပေးနိုင် ဖြစ်နေကြရတယ်လို့လည်း ထောက်ပြပါတယ်။

“ ကျမတို့ အလုပ်သမားတွေ အမျိုးသမီးထု တွေကပေါ့နော် သူတို့ရဲ့ အလုပ်ချိန်တွေထဲမှာဘဲ အမြဲတမ်း နစ်မြုပ်နေရပြီး သူတို့ရဲ့ သူတို့ ပိုပြီးတော့ မြင့်မားတဲ့ လုပ်ငန်းတွေ မြင့်မားတဲ့ နေရာတွေ ရဖို့အတွက် သူတို့ရဲ့ အချိန်ပေါ့နော်။ သူတို့ရဲ့ လေ့လာသင်ယူစရာ အချိန်တွေဟာဆိုလို့ ရှိရင် ဘာတခုမှ မရဘူးဆိုတာကို တွေ့ရတယ်ပေါ့နော်။ ”

အထည်ချုပ်လုပ်ငန်းတွေ အများစုပါတဲ့ မြန်မာ့ ကုန်ထုတ်လုပ်ငန်းမှာ အမျိုးသမီး အလုပ်သမားထုရဲ့ အင်အားက မနည်းလှပါဘူး။ ဒါ့အပြင် အမျိုးသမီးတွေ စီးပွားရေးပိုင်းမှာ ပိုပြီး တက်ကြွလာတယ်လို့လည်း အမျိုးသား လွှတ်တော် အမျိုးသမီးနဲ့ ကလေးသူငယ်များဆိုင်ရာ ကော်မတီရဲ့ အတွင်းရေးမှူး လွှတ်တော်အမတ် နော်လှလှစိုးရက မှတ်ချက်ပေးပါတယ်။ ဒါပေမယ့် ဘယ်အပိုင်းတွေမှာ အားနည်းနေပါသလဲ

“ ဒီလွှတ်တော်ရေးရာ ဦးဆောင်မှုတွေမှာ နည်းနည်း နည်းနေတာပေါ့နော်။ အဲဒီမှာတော့ ဒီ နိုင်ငံရေး အစဉ်အလာပေါ့ အဲဒါလေးတွေက ပိုပြီးတော့ ဆိုင်မယ်ထင်တယ်။ ပါတီမှာလည်း Seniro Junior တွေ ရှိတယ်လေ။ ဆိုတော့ Senior ကျတဲ့သူတွေကို ပိုပြီးတော့ တာဝန်ပေးအပ်မှု ပိုပြီးတော့ များတာတွေ အဲဒါလည်း ဒါ ပါတီရဲ့ မူဝါဒပိုင်းနဲ့လည်း ဆိုင်မယ် ထင်ပါတယ်။ "

နိုင်ငံတကာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ်နဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောတာမှာတော့ အမျိုးသမီးတွေ အခွင့်အရေး တိုးတက်လာတယ်လို့ ဆိုပေမယ့် သမိုင်းအစဉ်အလာ အရ အမျိုးသားတွေနဲ့ တန်းတူခွင့် မရခဲ့တာကို ထောက်ပြသွားပါတယ်။ အမျိုးသမီးတွေ အခွင့်အရေး ပိုပြီး ရလာတာက လူ့အခွင့်အရေး၊ စီးပွားရေးတို့ အတွက်ပါ အထောက်အကူ ဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြသွားတာပါ။ နယ်ပယ်ပေါင်းစုံက အမျိုးသမီးတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲ့တော့ အစဉ်အလာတွေဘဲ ဖြစ်တယ်လို့ ပြောသူကတော့ လွှတ်တော် အမတ် နော်လှလှစိုး ဖြစ်ပါတယ်။

တိုးတက်မှု အတွင်း တွန်းအားပေးကြစို့ဆိုတဲ့ အခု ၂၀၁၈ ခုနှစ် နိုင်ငံတကာ အမျိုးသမီးများနေ့ ဆောင်ပုဒ်နဲ့ အတူပါဘဲ မြန်မာ အမျိုးသမီးတွေကြားမှာလည်း အစဉ်အလာကို တွန်းလှန် ပြောင်းလဲမှုတွေ တက်လူတွေကြားမှာ သိသိသာသာတွေ့မြင်လာရပါတယ်။

အထူးခြားဆုံး ပြောင်းလဲလာမှုကတော့ အမျိုးသမီးတွေ အနေနဲ့ လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားခံရမှုဟာ ရှက်ရွံ့ရမယ့် ကိစ္စ အဖြစ် သိုဝှက်မထားတော့ဘဲ ဖွင့်ချပြောဆိုလာကြတာပါ။ လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားမှုနဲ့ ပတ်သက်ပြီး တရားရေးပိုင်းကနေ ရင်ဆိုင်နေတဲ့ အနုပညာရှင် ဒိန်းပိုပိုဒေါင်ကတော့ လုပ်ရပ်အတွက် ဘယ်လို ခံစားနေရပါလဲ …

“ နောင်တ ကတော့ မရပါဘူး အမရဲ့။ ဘာလို့လည်း ဆိုတော့ ကိုယ်ကိုယ်တိုင်က မတရားသဖြင့် ခံရတဲ့ မိန်းကလေးတွေ ရှေ့ကနေပြီးတော့ ငါလုပ်ဆောင်မယ် ဆိုပြီးတော့ အဆုံးထိ တွေးပြီးတော့ လုပ်လိုက်တဲ့ အတွက်မို့ ကိုယ်ရွေးချယ်ခဲ့တဲ့လမ်းကို ကိုယ်ကိုယ်တိုင်ပြီးအောင်ဘဲ လျှောက်မှာပါ။ အဲဒီအတွက်ပေါ့ ညီမ လုံးဝ နောင်တရခြင်း မရှိပါဘူး။ ”

မသိင်္ဂီထိုက်  / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
လိင်ပိုင်းစော်ကားခံရမှု မြန်မာအမျိုးသမီးများလည်း ထုတ်ဖော်လာ လိင်ပိုင်းစော်ကားခံရမှု မြန်မာအမျိုးသမီးများလည်း ထုတ်ဖော်လာ Reviewed by THITHTOOLWIN on 21:39 Rating: 5
Powered by Blogger.