မြောက်ဦးဖြစ်စဉ်တွင် သေဆုံးခဲ့ရသူများ၏ ကျန်ရစ်သူမိသားစုဝင်များက ရဲကိုတရားစွဲဆိုနိုင်ရေး ကြိုးပမ်းမည်

(သေဆုံးခဲ့ရသူ ၇ ဦး၏ အုတ်ဂူများကို မြောက်ဦးတွင် ယခုလို တွေ့မြင်နိုင်သည်။ )
နိရဉ္စရာ၊ မတ် ၁

ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် ဇန်န၀ါရီလ ၁၆ ရက်နေ့က ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်တွင် သေဆုံးခဲ့ရသူ ၇ ဦး၏ ကျန်ရစ်သူ မိသားများမှ ပစ်ခတ်ရာတွင် ပါဝင်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်များကို တရားစွဲဆိုနိုင်ရေး ကြိုးပမ်းသွားမည်ဟု သိရသည်။

ထိုသို့ တရားစွဲနိုင်ရေး အတွက် ဖေဖော်ဝါရီ ၂၄ ရက်နေ့က တွေ့ဆုံပွဲ တစ်ခု ပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း စစ်တွေ မိုင်းဗုံးပေါက်ကွဲမှုကြောင့် အစီအစဉ် ပျက်သွားခဲ့ရသည်ဟု မိသားစု ၀င်တစ်ဦးက နိရဉ္စရာ သတင်းဌာနသို့ ပြောဆိုသည်။

“ရဲတွေကို တရားစွဲဆိုနိုင်ရေးကိစ္စအတွက် မိသားစုဝင်တွေက စစ်တွေကို ဖေဖော်ဝါရီ သွားရောက်ပြီး တွေ့ဆုံဖို့ စီစဉ်ထားကြပါတယ်။ ဒါပေမယ့် စစ်တွေမှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်တော့ မသွားဖြစ်ဘဲ နောက်ဆုတ်လိုက်ရပါတယ်”ဟု သေဆုံးသူမိသားစုဝင်များထဲမှ အမည်မဖော်လို သူတစ်ဦးက နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

အခြေအနေအရ ယင်းသို့ နောက်ဆုတ်လိုက်ရသော်လည်း တရားစွဲနိုင်ရန်အတွက် တွေ့ဆုံမှု အစီအစဉ်ကို မဖြစ်မနေ လုပ်ဆောင်သွားမည်ဟု သိရသည်။

“တရားစွဲဆိုနိုင်ရေးအတွက် ရှေ့နေတွေနဲ့ တွေ့ဆုံမှုကို စစ်တွေကို ရောက်မှ လုပ်ဆောင်ကြမှာပါ။ ကျနော်ပြောချင်တာကတော့ သေဆုံးရတဲ့ ကိစ္စမှာ ကျန်ရစ်သူမိသားစုဝင်တွေက မခံမရပ်နိုင် ဖြစ်နေကြပါတယ်။ ဒီအတွက် တရားမျှတမှုကို သူတို့က လိုချင်တယ်။ မြောက်ဦးမှာ ပစ်ခတ် ခဲ့တာဟာ ဥပဒေနဲ့ မညီဘူးလို့ အများက မြင်နေကြတာလည်း ရှိတယ်။ ဒါကို အရေးယူ အပြစ်ပေးစေလိုတဲ့ အတွက် တရားစွဲဆိုနိုင်ရေး စီစဉ်နေတာ ဖြစ်ပါတယ်။”ဟု ၄င်းက ပြောသည်။

အမှုကို နိုင်သည်ဖြစ်စေ၊ မနိုင်သည်ဖြစ်စေ မတရားမှုဖြစ်သည့်အတွက် ၎င်းဖြစ်စဉ်ကို ဖော်ထုတ်ရန် တာဝန်ရှိသဖြင့် ယင်းသို့ ပစ်ခတ်သူများကို တရားစွဲဆိုနိုင်ရန် စီစဉ်နေရခြင်းဖြစ်သည်ဟု သိရှိရသည်။

ဇန်န၀ါရီလ ၁၆ ရက်နေ့က ဖြစ်ပွားခဲ့သည့် ၂၃၄ နှစ်မြောက် ရခိုင်ဘုရင့်နိုင်ငံတော် ကျင်းပခွင့်ကို ပိတ်ပင်ရာမှ ပေါ်ပေါက်ခဲ့သည့် မြောက်ဦး ဆန္ဒပြမှုတွင် ရဲတပ်ဖွဲ့၏ နှိမ်နှင်း ပစ်ခတ်မှုကြောင့် မြောက်ဦး ဒေသခံ ၇ ဦးသေဆုံးခဲ့ပြီး ၁၂ ဦးဒဏ်ရာရရှိခဲ့သည်။

ဒဏ်ရာရရှိသူ ၁၂ ဦးထဲမှ ၄ ဦးမှာ ဆေးကုသမှု ခံယူနေစဉ် မြောက်ဦးဆေးရုံမှ ထွက်ပြေး လွတ်မြောက်ခဲ့ကြပြီး ကျန်ရစ်သူ ၈ ဦးကို စစ်တွေအကျဉ်းထောင်၌ ဖမ်းဆီးထိန်းသိမ်းထားကာ မြောက်ဦးမြို့နယ် တရားရုံး၌ အမှုကို ရင်ဆိုင်နေကြရသည်။

စံမောင်သန်း
Narinjara
https://www.facebook.com/Narinjara
မြောက်ဦးဖြစ်စဉ်တွင် သေဆုံးခဲ့ရသူများ၏ ကျန်ရစ်သူမိသားစုဝင်များက ရဲကိုတရားစွဲဆိုနိုင်ရေး ကြိုးပမ်းမည် မြောက်ဦးဖြစ်စဉ်တွင် သေဆုံးခဲ့ရသူများ၏ ကျန်ရစ်သူမိသားစုဝင်များက ရဲကိုတရားစွဲဆိုနိုင်ရေး ကြိုးပမ်းမည် Reviewed by THITHTOOLWIN on 12:06 Rating: 5
Powered by Blogger.