နွေစပါးခင်းများတွင် ဓာတ်မြေသြဇာများ အကျိုးအာနိသင်ထိရောက်မှုမရှိဖြစ်နေ


ရေတာရှည် မတ် ၉

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်အတွင်း ဆွာ ချောင်းဆည်ရေသောက်စနစ်ဖြင့် နွေစပါးများ စိုက်ပျိုး ပြီးစီးသွားပြီဖြစ်ရာ ယခုဆိုလျှင် နှစ်လသက်တမ်းသို့ပင် ရောက်ရှိနေပြီဖြစ်သည်။ စိုက်ပျိုးပြီးစီးသော စပါး စိုက်ခင်းများတွင် ပေါင်းသတ်ဆေး၊ ပိုးသတ်ဆေး၊ ဓာတ် မြေသြဇာများကို သွင်းအားစုအနေဖြင့် သုံးစွဲကြရပြီး လက်ရှိအချိန်တွင် ဈေးနှုန်းကြီးမြင့်စွာ ဝယ်ယူသုံးစွဲကြ ရသော ဓာတ်မြေသြဇာများမှာ စပါးပင်ဖြစ်ထွန်း အောင်မြင်ရန် ထိရောက်သည့်အာနိသင် မရရှိသည့် အတွက် တောင်သူများအနေဖြင့် အခက်အခဲများ ကြုံ တွေ့နေကြရကြောင်း သိရသည်။

တောင်သူများအနေဖြင့် စိုက်ပျိုးသည့် စပါးအမျိုး အစားပေါ်မူတည်၍ မြေသြဇာကို ရွေးချယ်အသုံးပြုလေ့ ရှိရာ လက်ရှိ တောင်သူများဝယ်ယူသုံးစွဲလျက်ရှိသော မြေသြဇာများမှာ ဈေးနှုန်းကြီးမြင့်စွာပေးရသလောက် အကျိုးအာနိသင်မှာ အားရဖွယ်မရှိကြောင်း ရေတာရှည် မြို့နယ်အတွင်း ဒေသအနှံ့အပြားရှိ နွေစပါး စိုက်ပျိုး သည့် တောင်သူအများစုကို တွေ့ဆုံမေးမြန်းခဲ့ရာတွင် တူညီစွာပင် ဖြေကြားခဲ့ကြသည်။
''အခု ဈေးကွက်ထဲမှာ မြေသြဇာအတုတွေ ပျံ့နေ တယ်ဆိုတဲ့သတင်းတွေ ကြားနေရတယ်၊ အခုတောင် ကျွန်တော်တို့သုံးစွဲနေတဲ့ မြေသြဇာဟာ အတုလား အစစ်လား မပြောတတ်တော့ဘူး၊ ပြောနိုင်တာကတော့ မြေသြဇာတွေ အာနိသင်လုံးဝမကောင်းဘူးဆိုတာပဲ၊ ဟိုးအရင်က မြေသြဇာတစ်ခါကြဲပြီးရင် စိမ်းစိုပြာမှိုင်းပြီး တစ်လနဲ့အထက် သက်တမ်းကြာတယ်၊ အခုမြေသြဇာ တွေက ၁၄ ရက်လောက်ပဲခံတယ်၊ အပင်ကြီးထွားမှု အပင်ပွားနှုန်းနှေးတယ်၊ အဲ့တော့ ကျွန်တော်တို့မှာ ငွေတွေတအားကုန်ပြီး အကျိုးမဲ့တဲ့အဖြစ်မျိုး ကြုံနေရပြီ၊ တောင်သူတွေရဲ့အကျိုးစီးပွားကို ကာကွယ်တဲ့အနေနဲ့ တာဝန်ရှိသူတွေက မြေသြဇာရောင်းတဲ့ဆိုင်တွေကို စစ်ဆေးပေးသင့်ပါတယ်''ဟု တောင်သူတစ်ဦးက သုံးသပ်ပြောကြားသည်။

တောင်သူများအနေဖြင့် ဓာတ်မြေသြဇာအိတ်များကို ဝယ်ယူရာတွင် ဈေးမြင့်သည့်အပြင် လက်ငင်းမဝယ် နိုင်ကြပါက အကြွေးစနစ်ဖြင့် ငွေအတိုးပေးကာ ဝယ်ယူ ကြရပြီး လယ်ဧကအနည်းအများအပေါ် မူတည်၍ ၁ဝ သိန်းနှင့်အထက် ကုန်ကျသည့်အတွက် စပါးပေါ်ချိန် ပြန် လည်ပေးဆပ်ရသော သွင်းအားစုကုန်ကျစရိတ်များ အနက် ပမာဏအများဆုံးလည်းဖြစ်ကြောင်း သိရ သည်။

ကိုလွင်(ဆွာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
နွေစပါးခင်းများတွင် ဓာတ်မြေသြဇာများ အကျိုးအာနိသင်ထိရောက်မှုမရှိဖြစ်နေ  နွေစပါးခင်းများတွင် ဓာတ်မြေသြဇာများ အကျိုးအာနိသင်ထိရောက်မှုမရှိဖြစ်နေ Reviewed by THITHTOOLWIN on 11:30 Rating: 5
Powered by Blogger.