ကုလ ကိုယ်စားလှယ် ကို လူ့အခွင့်အရေးကိစ္စ မစစ်ဖို့ ဖိလစ်ပိုင်ပြော

သမ္မတ ဒူတားတေး ရဲ့ မူးယစ် တိုက်ဖျက်ရေး စီမံကိန်းမှာ လူပေါင်း ၁၂၀၀၀ လောက် သေဆုံး ခဲ့တယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့က အစီအရင်ခံစာ ထုတ်ပြန်ထား
ကုလသမဂ္ဂ ကိုယ်စားလှယ် အက်ဂနက်စ် ကဲလမ်းမာ့ဒ် အနေနဲ့ ဖိလစ်ပိုင်မှာ လူ့အခွင့်အရေး ချိုးဖောက်မှု စစ်ဆေးဖို့ ခွင့်ပြုမှာ မဟုတ်ဘူးလို့ ဖိလစ်ပိုင် အစိုးရက ပြောဆိုလိုက်ပါတယ်။

ဖိလစ်ပိုင် သမ္မတရုံး ပြောခွင့်ရ ပုဂ္ဂိုလ် ဟယ်ရီ ရောကေးက

'မစ္စစ် ကဲလမ်းမာ့ဒ် ကို ကမ္ဘာလှည့် ခရီးသွား တယောက် အနေနဲ့ ပြည်ဝင်ခွင့်ပေးပြီး ပစိဂ် မြစ်ရေအေး ထဲမှာပါ ရေကူးခွင့်ပေးမှာ ဖြစ်ပေမယ့် ဘက်လိုက်သူ တယောက် ဖြစ်တဲ့အတွက် စုံစမ်း စစ်ဆေးခွင့်တော့ ပေးမှာ မဟုတ်ဘူး'

ဆိုပြီး မတ်လ ၃ ရက်နေ့က ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲ တခုမှာ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ပစိဂ်မြစ်ဟာ မနီလာမြို့ရဲ့ ရေထု အညစ်ညမ်းဆုံး မြစ်တွေထဲက တခုလည်း ဖြစ်ပါတယ်။

ဖိလစ်ပိုင် သမ္မတ ရိုဒရီဂို ဒူတားတေးကိုလည်း တခြား ကုလသမဂ္ဂ ကိုယ်စားလှယ်တယောက် ပြောင်းဖို့ အကြံပေးမှာ ဖြစ်တယ်လို့ မစ္စတာ ရောကေးက ပြောဆိုခဲ့ပါတယ်။
သမ္မတ ဒူတားတေးကလည်း ရဲနဲ့ စစ်တပ်ကို မစ္စစ် ကဲလမ်းမာ့ဒ် နဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ မလုပ်ဖို့ မတ်လ ၂ ရက်နေ့မှာ ပြောဆိုထား
သမ္မတ ဒူတားတေးကလည်း ရဲနဲ့ စစ်တပ်ကို မစ္စစ် ကဲလမ်းမာ့ဒ် နဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ မလုပ်ဖို့ မတ်လ ၂ ရက်နေ့မှာ ပြောဆိုထားပါတယ်။

မစ္စစ် ကဲလမ်းမာ့ဒ် ကတော့ ဒီလို ခြိမ်းခြောက် စော်ကားပြီး သူ့ကို ပိတ်ပင်ပေမယ့် သူ့အလုပ်ကို ဆက်လုပ်မှာ ဖြစ်ပြီး ဖိလစ်ပိုင် ပြည်တွင်းမှာ လူ့အခွင့်အရေး ချိုးဖောက်ခဲ့ကြောင်း စွပ်စွဲမှုတွေကလည်း ယုံကြည် စိတ်ချ နိုင်စရာရှိတယ်လို့ ဘီဘီစီကို ပြောပါတယ်။

ဖိလစ်ပိုင် အစိုးရဟာ ၂၀၁၆ ခုနှစ်မှာ မစ္စစ် ကဲလမ်းမာ့ဒ် ကို တရားဝင် လာရောက်ဖို့ ဖိတ်ခေါ်ခဲ့ဖူးပေမယ့် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ စည်းမျဉ်း စည်းကမ်းတွေနဲ့ လျော်ညီမှု မရှိခဲ့ဘူးလို့ မစ္စစ် ကဲလမ်းမာ့ဒ် က ပြောဆို ထားပါတယ်။

သူ့ရဲ့ ၂၀၁၇ မူးယစ်ဆေးဝါး မူဝါဒ ဆွေးနွေးပွဲ ခရီးစဉ်အတွက် ဖိလစ်ပိုင်ကို လာရောက်မှုကိုလည်း ဖိလစ်ပိုင် အစိုးရက ဝေဖန်ခဲ့ဖူးပြီး မစ္စစ် ကဲလမ်းမာ့ဒ် ကတော့ သူလာတာကို အစိုးရကို အသိပေးခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။
မူးယစ်ဆေး ပြဿနာတွေကို ဖြေရှင်းရာမှာ ရဲတွေကိုသာမက အပြင်လူတွေကိုပါ ဥပဒေ ပြင်ပ သတ်ဖြတ်ခွင့် ပေးခဲ့လို့ တရားခံ မပေါ်ပဲ အသတ်ခံသူတွေ များ
ဖိလစ်ပိုင် သမ္မတ ဒူတားတေး ရဲ့ မူးယစ် တိုက်ဖျက်ရေး စီမံကိန်းမှာ လူပေါင်း တသောင်း နှစ်ထောင်လောက် သေဆုံး ခဲ့တယ် ဆိုပြီး လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့က အစီအရင်ခံစာ ထုတ်ပြန်ထားပါတယ်။

နိုင်ငံတကာ ရာဇဝတ် ခုံရုံးကလည်း အဲဒီ မူးယစ် တိုက်ဖျက်ရေး စီမံကိန်းအတွင်း ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို စုံစမ်း စစ်ဆေးမယ်လို့ ပြီးခဲ့တဲ့လက သတင်းထုတ်ပြန် ထားပါတယ်။

ဖိလစ်ပိုင်နိုင်ငံရဲ့ အန္တရာယ်ရှိ မူးယစ်ဆေးဝါး ဘုတ်အဖွဲ့ ထုတ်ပြန်ချက်အရ ပြည်တွင်း မူးယစ်ဆေးစွဲနေသူ ၂ သန်းနီးပါးရှိနေတာ ဖြစ်ပါတယ်။

အခုလို မူးယစ်ဆေး သုံးစွဲမှုနဲ့ ရောင်းဝယ်မှု ပြဿနာတွေကို ဖြေရှင်းရာမှာ ရဲတွေကိုသာမက အပြင်လူတွေကိုပါ ဥပဒေ ပြင်ပ သတ်ဖြတ်ခွင့် ပေးခဲ့တာကြောင့် သေဆုံးသူ ထောင်ချီ များပြားနေတဲ့အတွက် နိုင်ငံတကာက ဝေဖန်နေတာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese
ကုလ ကိုယ်စားလှယ် ကို လူ့အခွင့်အရေးကိစ္စ မစစ်ဖို့ ဖိလစ်ပိုင်ပြော ကုလ ကိုယ်စားလှယ် ကို လူ့အခွင့်အရေးကိစ္စ မစစ်ဖို့ ဖိလစ်ပိုင်ပြော Reviewed by THITHTOOLWIN on 08:12 Rating: 5
Powered by Blogger.