အင်ဒိုနီးရှား သယ်ယူပို့ဆောင်ရေး စီမံကိန်းတွေ သမ္မတ ရပ်ဆိုင်း


အင်ဒိုနီးရှားနိုင်ငံထဲက ဆောက်လုပ်ရေးလုပ်ငန်းတွေရဲ့ အောင်မြင်မှုနဲ့ မဲဆွယ်ပြီး ရွေးကောက်ပွဲပြန်ဝင်ဖို့စီစဉ်နေတဲ့ သမ္မတ ဂျိုကိုဝီဒိုယိုဟာ ၂၀၁၉ မှာကျင်းပမယ့် ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံတွင်းက သယ်ယူပို့ဆောင်ရေး စီမံကိန်းတွေကို ခေတ္တရပ်ဆိုင်းလိုက်ပါတယ်။

မတော်တဆမှုတွေကြောင့် လူ ၅ ယောက်သေဆုံးပြီး မြို့တော်ဂျကာတာက မိုးပျံလမ်း စီမံကိန်းတခုမှာ အလုပ်သမား ၇ ယောက်အပါအဝင် ဒါဇင်နဲ့ချီတဲ့သူတွေ ဒဏ်ရာရခဲ့ပြီးတဲ့နောက် အခုလိုရပ်ဆိုင်းဖို့ ပြောခဲ့တာပါ။

အဲဒီမတော်တဆမှုတွေဟာ လတ်တလောတည်ဆောက်နေတဲ့ မက်ထရိုရထားလိုင်း တည်ဆောက်ရေးနဲ့ ရှုပ်ထွေးတဲ့ ခရီးစဉ်ပြောင်းလဲရေးစံနစ်တွေအတွင်း ဖြစ်ပွားခဲ့တာတွေ ပါဝင်ပါတယ်။

Light Rapid Transit (LRT) လို့ခေါ်တဲ့ မက်ထရိုရထားလိုင်းကို လာမယ့်သြဂုတ်လမှာကျင်းပမယ့် အာရှအားကစားပွဲတော်ကာလအတွင်း သန်းနဲ့ချီတဲ့လူတွေ လာရောက်လည်ပတ်ကြမယ့်အချိန်မှာ စတင်ဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။ ဒါပေမဲ့ အားကစားပွဲတော်ကျင်းပမယ့်နေရာကို သတ်မှတ်ထားတဲ့အချိန်အတွင်း အပြီးမပြင်ဆင်နိုင်မှာကိုတော့ စိုးရိမ်နေရတယ်လို့ဆိုပါတယ်။

အဂတိလိုက်စားမှုတွေ နဲ့ စီမံခန့်ခွဲမှုအမှားအယွင်းတွေကြောင့် စီမံကိန်းအမြောက်အများဟာ နှစ်နဲ့ချီပြီး အကောင်အထည်မဖော်နိုင်ဘဲရှိနေခဲ့ပါတယ်။

ပရိဘောဂထုတ်လုပ်သူအဖြစ်ကနေ သမ္မတ ဖြစ်လာတဲ့ မစ္စတာဝီဒိုဒိုဟာ သူ့ရဲ့စီးပွားရေး တိုးတက်မှုနည်းဗျူဟာအရ နိုင်ငံရဲ့အခြေခံအဆောက်အအုံတွေဖွံ့ဖြိုးရေးကို ဆောင်ရွက်နေတာဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်မတိုင်ခင်မှာ ကားလမ်းသစ် မိုင် ၆၀၀၊ ရထားလမ်းအသစ် မိုင် ၂၀၀၀ နဲ့ လျှပ်စစ်ဓါတ်အားစီမံကိန်း ၃၃ ခု ပြီးစီးအောင်တည်ဆောက်ဖို့ သမ္မတက ညွှန်ကြားထားတာဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
အင်ဒိုနီးရှား သယ်ယူပို့ဆောင်ရေး စီမံကိန်းတွေ သမ္မတ ရပ်ဆိုင်း အင်ဒိုနီးရှား သယ်ယူပို့ဆောင်ရေး စီမံကိန်းတွေ သမ္မတ ရပ်ဆိုင်း Reviewed by THITHTOOLWIN on 22:28 Rating: 5
Powered by Blogger.