ရခိုင်ပြည်နယ်အရေး အကူအညီတွေပေးဖို့ အတိုင်ပင်ခံပြောဆို

ရခိုင်ပြည်နယ်အရေး အသေအချာ ရှင်းပြခဲ့
ဩစတြေးလျနဲ့ အာဆီယံ နိုင်ငံတွေကြား ပြုလုပ်ခဲ့တဲ့ ထိပ်သီး တွေ့ဆုံပွဲ အတွင်းမှာ ရခိုင်ပြည်နယ် အကြပ်အတည်းနဲ့ ပတ်သက်ပြီး နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းဆုကြည်က အသေအချာ ရှင်းပြခဲ့တယ်၊ အကူအညီ အထောက်အပံ့တွေ ပေးဖို့လည်း တောင်းခံ ခဲ့တယ်လို့ အိမ်ရှင် ဩစတြေးလျ ဝန်ကြီးချုပ် မဲလ်ကွမ် တန်းဘူးလ်က ပြောပါတယ်။

ထိပ်သီး ဆွေးနွေးပွဲ အပြီး ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဝန်ကြီးချုပ် တန်းဘူးလ်က သတင်းထောက်တွေရဲ့ မေးခွန်းကို ဖြေကြားရင်း အဲဒီလို ပြောဆို ခဲ့တာ ဖြစ်ပါတယ်။

အဲဒီ သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီးချုပ် တန်းဘူးလ် နဲ့ အတူ ၊ စင်္ကာပူ ဝန်ကြီးချုပ် လည်းဖြစ် အာဆီယံ လက်ရှိ ဥက္ကဌလည်း ဖြစ်တဲ့ လီရှန်လွန်း ရှိနေခဲ့ပါတယ်။
ထိပ်သီး ဆွေးနွေးပွဲ အပြီး ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲ
ရခိုင်ပြည်နယ် အရေးမှာ သိန်းဂဏန်း တချို့ရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ ထွက်ပြေး ခဲ့ကြရတဲ့ အဖြစ်အပျက်ဟာ ဒေသတွင်း တစ်ခုလုံးရဲ့ လုံခြုံရေးကို ခြိမ်းခြောက် လာပြီ ဆိုတဲ့ မလေးရှား ဝန်ကြီးချုပ် နာဂျစ်ဘ် ရာဇတ်ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး သတင်းထောက် တစ်ယောက်က မေးခွန်း ထုတ်ခဲ့ပါတယ်။

ဒီ အကြပ်အတည်း ကိစ္စနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို က ဘာတွေ ပြောဆိုဖို့ ရှိလဲ ဆိုပြီး မေးခဲ့တာပါ။

အဲဒီ မေးခွန်းကို ဝန်ကြီးချုပ် လီရှန်လွန်း တုံ့ပြန်ခဲ့တာကတော့ "ဘယ်အဖွဲ့ဝင် နိုင်ငံထဲမှာ မဆို၊ မတည်ငြိမ်မှုတွေ ဖြစ်လာပြီ၊ လူသားချင် စာနာနားလည်မှု ဆိုင်ရာ အကြပ်အတည်းတွေ ဆိုက်နေပြီ ဆိုရင် ကျနော်တို့ အနေနဲ့ စိုးရိမ်မှုတွေ ရှိရစမြဲပါပဲ။ ကျနော်တို့ အနေနဲ့ တတ်နိုင်သမျှ ကူညီ သွားဖို့ အသင့်ပါပဲ" လို့ ပြောသွားပါတယ်။
နိုင်ငံတကာရဲ့ အာရုံစိုက်မှုကို အကြီးအကျယ် ခံနေရ
ဒါ့အပြင် လုံခြုံရေး ဆိုင်ရာ ရှူ့ထောင့်နဲ့ ပတ်သက်ပြီး တော့လည်း ရခိုင်ပြည်နယ် အရေးနဲ့ ပတ်သက်လို့ သူ့ အနေနဲ့ ကိုယ်ပိုင် ဘယ်လို ထောက်လှမ်းရေး သတင်းမျိုးမှ ရှိမနေတဲ့ အတွက် အဲဒီမှာ အကြမ်းဖက် အဖွဲ့ ရှိနေလား ဆိုတာ တပ်အပ် မပြောနိုင်ပါဘူး၊ ဒါပေမယ့် သတိထား စောင့်ကြည့်ရမှာ ဖြစ်တယ်လို့ ဝန်ကြီးချုပ် လီရှန်လွန်းက ဆိုပါတယ်။

ရခိုင်ပြည် အရေးဟာ လက်ရှိ အခြေအနေမှာ နိုင်ငံတကာရဲ့ အာရုံစိုက်မှုကို အကြီးအကျယ် ခံနေရတာဟာ ပြဿနာ ဖြေရှင်းရေး အပေါ် ပိုခက်ခဲ စေသလို ဖြစ်နေတယ်လို့လည်း စင်္ကာပူ ဝန်ကြီးချုပ်က ပြောခဲ့ပါတယ်။
ဆန္ဒပြမှုတချို့ ရှိခဲ့
ဒေသတွင်း နိုင်ငံတွေနဲ့ကြား ရခိုင်အရေးနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ အခြေအနေတွေကို ရှင်းပြခဲ့တယ်၊ အကူအညီတွေ တောင်းခံ ခဲ့တယ် ဆိုတဲ့ အချက် အခုလို သိလာရချိန်မှာ မြန်မာ ပြည်တွင်းကို ကြည့်လိုက်ရင်လည်း ဒုက္ခသည် အရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အေဂျင်စီ အဖွဲ့တွေ ဘက်က ဘယ်လို ဘယ်ပုံ ပါဝင် ပတ်သက်ခွင့် ရလိုတယ် ဆိုတဲ့ အကြံပြုချက် တွေ အပေါ် မြန်မာ အစိုးရက သုံးသပ် လေ့လာ နေပါတယ်။

ဒါ့ကြောင့် ကုလသမဂ္ဂ လူ့ အခွင့်အရေး ကောင်စီက ဖွဲ့ထားတဲ့ အချက်အလက် ရှာဖွေရေး အဖွဲ့ အပါအဝင် ဘယ်လို နိုင်ငံတကာ စုံစမ်းရေး အဖွဲ့ကိုမှ ရခိုင်ပြည်နယ်ထဲ စစ်ဆေး လေ့လာဖို့ ခွင့် မပြုတဲ့ ရပ်တည်မှု သဘောထားကို မြန်မာ အာဏာပိုင်တွေက ဆက်လက် စွဲကိုင်ထားဆဲ ဖြစ်ပေမယ့်၊ တစ်ဘက်မှာလည်း ကူညီ ထောက်ပံ့ရေး အစီအစဉ်တွေမှာ နိုင်ငံတကာ အနေနဲ့ ပါဝင် ပတ်သက်ခွင့် ရှိလာဖို့ကိုတော့ ပိုမို လမ်းဖွင့် ပေးလာတာကို တွေ့နေရပါတယ်။

BBC Burmese
http://www.bbc.com/burmese
ရခိုင်ပြည်နယ်အရေး အကူအညီတွေပေးဖို့ အတိုင်ပင်ခံပြောဆို ရခိုင်ပြည်နယ်အရေး အကူအညီတွေပေးဖို့ အတိုင်ပင်ခံပြောဆို Reviewed by THITHTOOLWIN on 23:00 Rating: 5
Powered by Blogger.