အမြန်လမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွား၍ (၁၃)ဦးဒဏ်ရာရ


မတ်လ ၁ ရက်နေ့ ယနေ့ နံနက် ၁ နာရီ ၁၅ မိနစ်အချိန် ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၁၂၁/၄-၅)ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ဗောဓိကုန်းအမြန်လမ်းမကြီးရဲစခန်းမှတပ်ဖွဲ့ဝင်များ၊ အမြန်လမ်းမီးသတ်တပ်ဖွဲ့ဝင်များ၊ အမြန်လမ်း အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေး ခဲ့ရာ လူ ၁၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

 ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ ကြည့်မြင်တိုင်မြို့နယ်နေ ဖြိုးကိုကိုထွန်း(၃၅)နှစ် မောင်းနှင်လာသည့် 5M/×××× MINIBUS ယာဉ်မှာ လမ်းလယ်ကျွန်းလမ်းဖြတ်သို့ ဖြတ်မောင်း ရန်အတွက် အရှိန်လျှော့လိုက်စဉ် နောက်မှ ရွှေပြည်သာမြို့နယ်နေ ဦးကြည်ဝင်း(၆၄)နှစ်မောင်းနှင် လာသည့် 6F/×××× လိုက်ထရပ် ဘုရားဖူးယာဉ်မှ တိုက်မိခဲ့ခြင်း ဖြစ်သည်။

 လိုက်ထရပ်ယာဉ်ပေါ်တွင် လိုက်ပါလာသည့် မြောက်ဥက္ကလာပမြို့နယ်၊ မနောသုခကျောင်းတိုက်နေ ဦးဝါရမိန္ဒ(၅၄)နှစ်၊ ဝါတော် (၃)ဝါ အပါအ၀င်၊ (၁၃)ဦးတို့တွင် ဒဏ်ရာများ အသီးသီးရရှိခဲ့သောကြောင့် ယာဉ်မောင်း ဖြိုးကိုကိုထွန်းနှင့် ဦးကြည်ဝင်းတို့အား ဗောဓိကုန်းအမြန်လမ်းမကြီးရဲစခန်းယာဉ်(ပ)၁၀/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/၃၃၇ ဖြင့် အရေးယူထားကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

သစ်ထူးလွင်
အမြန်လမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွား၍ (၁၃)ဦးဒဏ်ရာရ အမြန်လမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွား၍ (၁၃)ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 19:39 Rating: 5
Powered by Blogger.