စစ်တွေတွင် ညအချိန် ကားမှန်များ ရိုက်ခွဲခံရမှုနှင့်ပတ်သက်၍ မြို့နယ်တရားရုံးသို့ ဦးတိုက်လျှောက်ထား

ဓါတ်ပုံ-Myo Min Htun Kyi face book စာမျက်နှာ
နိရဉ္စရာ၊ မတ် ၉

ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့တွင် ညအချိန်၌ ကားမှန်များ ရိုက်ခွဲခံရမှုနှင့်ပတ်သက်၍ စစ်တွေမြို့နယ်တရားရုံးသို့ ကားပိုင်ရှင်နှစ်ဦးမှ ဦးတိုက်လျှောက်ထားသည်ဟု သတင်းရရှိသည်။

“ကားမှန်ရိုက်ခွဲခံရတဲ့ ပိုင်ရှင်များထဲက ၂ ယောက်က တရားရုံးကို ဦးတိုက်လျှောက်ထားတာပါ။ ဒီအမှုက ရဲရေးပိုင်တဲ့အမှုမဟုတ်တဲ့အတွက် ကျွန်တော်တို့အနေနဲ့ အသေးစိတ်ကို ပြောပြလို့ မရပါဘူး”ဟု စစ်တွေမြို့နယ် မြို့မရဲစခန်းမှ စခန်းမှူးက နိရဉ္စရာသတင်းဌာနသို့ ပြေကြားသည်။

ကားမှန်များရိုက်ခွဲခံရမှုမှာ မတ်လ ၆ ရက်နေ့ ညဥ့်အချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြင်ပြီး ဖျက်ဆီးခံရသည့် ကား ၅ စီးရှိသည်ဟု ပြည်ထောင်စုမြန်မာနိုင်ငံ ပြည်ထဲရေးဌာန ဖေ့စ်ဘုတ် စာမျက်နှာတွင် ဖော်ပြထားသည်။

မတ်လ ၆ ရက်နေ့ည ၁၁ နာရီ ၂၅ မိနစ်အချိန်တွင် စစ်တွေမြို့ ရူပတောင်ရပ်ကွက်နေ ဦးစံမောင်သိန်း (၅၀)နှစ် ၏ 5I/xxxx Hilux Surf မော်တော်ယာဉ်အား ရွှေပြည်တန် အမြန်ရေယာဉ် လက်မှတ်အရောင်းဆိုင် အနီး၌ ရပ်တန့်ထားစဉ် ယာဉ်၏ရှေ့ယာဘေးမှန် ၊ နောက် ဝဲဘေးမှန် ၊ ယာ နောက်ကြည့်မှန်များ ဖျက်ဆီးခံရ၍ ကွဲအက်ပျက်စီးခဲ့သည်ဟု ဖော်ပြထားသည်။

အလားတူ မတ်လ ၆ ရက် ညပိုင်းအချိန်တွင် ရူပမြောက်ရပ်ကွက်နေ ဦးမျိုးသန့်(၄၂)နှစ် ၏ 5G/ xxxx Parjo မော်တော်ယာဉ်၊ ရူပမြောက် ရပ်ကွက်နေ မောင်ဝင်းဆွေ(၂၉)နှစ် ၏ 8H/ xxxx Super Custom မော်တော်ယာဉ်၊ မီဇံရပ်ကွက်နေ ကောင်းမြတ်ဖြိုး(၂၃)နှစ် ၏ 3D/ xxxx Harrier မော်တော်ယာဉ် နှင့် အိုးတန်းရပ်ကွက်နေ ဦးသန်းအေး(၅၀)နှစ် ၏ 5J/ xxxx Harrier မော်တော်ယာဉ်များ အား ၎င်းတို့၏ အိမ်ရှေ့လမ်းများ ပေါ်၌ အသီးသီးရပ်တန့်ထားစဉ် ယာဉ်၏ ရှေ့လေကာမှန်များနှင့် နောက်ကြည့်မှန်တို့ ဖျက်ဆီးခံရ၍ ကွဲအက်ပျက်စီးခဲ့သည်ဟု သိရသည်။

အဆိုပါ မော်တော်ယာဉ်များ၏မှန်များ ဖျက်ဆီးကွဲအက်ခံရမှုအား ရာဇသတ်ကြီးပုဒ်မ ၄၂၇ (အကျိုးဖျက်ဆီးမှု)ဖြင့် အမှုဖွင့် ဆောင်ရွက်ထားသည်ဟု သိရှိရသည်။

ဓါတ်ပုံ-Myo Min Htun Kyi face book စာမျက်နှာ
စံမောင်သန်း၊ စစ်တွေ
Narinjara
https://www.facebook.com/Narinjara-151742128171206/
စစ်တွေတွင် ညအချိန် ကားမှန်များ ရိုက်ခွဲခံရမှုနှင့်ပတ်သက်၍ မြို့နယ်တရားရုံးသို့ ဦးတိုက်လျှောက်ထား စစ်တွေတွင် ညအချိန် ကားမှန်များ ရိုက်ခွဲခံရမှုနှင့်ပတ်သက်၍ မြို့နယ်တရားရုံးသို့ ဦးတိုက်လျှောက်ထား Reviewed by THITHTOOLWIN on 11:31 Rating: 5
Powered by Blogger.