ဖာပွန်ကနေ အစိုးရတပ်တွေ အမြန်ဆုံးထွက်သွားပေးဖို့ ကရင်ငြိမ်းချမ်းရေးကွန်ရက်နဲ့ ဒေသခံတွေတောင်းဆို

တပ်မတော်က လမ်းဖောက်နေတာတွေ ရပ်တန့်ပေးဖို့နဲ့ စစ်ကြောင်းတွေ ပြန်ဆုတ်ပေးဖို့ ၂၀၁၈ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့က ငြိမ်းချမ်းရေးဆုတောင်းပွဲ ပြုလုပ်စဉ်။ ဓါတ်ပုံ - စောအို့မူး
ကရင်ပြည်နယ် ဖာပွန်ခရိုင်ဖက်မှာ ကျေးရွာ ၁၅ ရွာလောက်က ရွာသား ၂ ထောင်နီးပါး ထွက်ပြေးနေရတဲ့အတွက် ကျေးရွာတွေထဲမှာ ၀င်ရောက်နေရာယူထားတဲ့ အစိုးရတပ်မတော်တပ်ရင်း ၆ ရင်းကို အမြန်ဆုံး ပြန်ဆုတ်ခွာပေးဖို့ ဆိုပြီး ကရင်ငြိမ်းချမ်းရေးကွန်ရက်က ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

အစိုးရတပ်တွေရှိနေလို့ ဒေသခံတွေဟာ သူတို့နေအိမ်တွေဆီ မပြန်ရဲကြတဲ့အတွက် KNU နဲ့ အစိုးရဖက်က ထိပ်တန်းခေါင်းဆောင်တွေ အမြန်ဆုံး တွေ့ဆုံဖြေရှင်းပေးကြဖို့ တောင်းဆိုတာလို့ ကရင်ငြိမ်းချမ်းရေး ကွန်ရက်က ပြောရေးဆိုခွင့်ရှိသူ စောဝေလေး က ပြောပါတယ်။

"လက်ရှိ ဝင်လာတဲ့တပ်သည် သူတို့နေတဲ့နေရာ အသက်မွေးဝမ်းကျောင်းလုပ်တဲ့နေရာကနေ အမြန်ဆုံး ထွက်သွားပေးဖို့ သူတို့လိုချင်တယ်၊ နောက်တစ်ခုက ကရင်အမျိုးသားအစည်းအရုံး အထက် လူကြီးကရော မြန်မာအစိုးရအထက်လူ"

ပြီးခဲ့တဲ့ မတ်လ ၄ ရက်နေ့ကစပြီး တပ်မတော်တပ်ရင်းတွေက ကားလမ်းဖောက်ဖို့ဆိုပြီး ဝင်ရောက်လာတာဖြစ်ကာ နောက်ထပ်လည်း စစ်အင်အားတွေ ထပ်မံဖြည့်တင်းလာတယ်လို့ ဆိုပါတယ်။

တပ်မတော်က လမ်းဖောက်နေတာတွေကို ရပ်တန့်ပေးဖို့နဲ့ တပ်မတော်စစ်ကြောင်းတွေ ပြန်ဆုတ်ပေးဖို့ စစ်ဘေး ရှောင်ကျေးရွာ ၁၅ ရွာကျော်က ဒီနေ့ စုပေါင်းကာ ငြိမ်းချမ်းရေးဆုတောင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

တပ်မတော် စစ်တပ်တွေကို ပြန်စေချင်တာကြောင့် ငြိမ်းချမ်းရေးဆုတောင်းတာလို့ ဖာပွန်မြို့နယ် ခေပူးကျေးရွာမှာ စောအိုးမူးက ပြောပါတယ်။

"စစ်တပ်က သတ်မှတ်နယ်မြေထက် ကျော်သွားတယ် လယ်ပူပလောနဲ့ ခေးပူကြားထဲက အရင်ကလမ်းဟောင်းကို သူတို့ထပ်ဖောက်ချင်တယ်။ အဲဒီအတွက် ရွာသားတွေက မလိုလားဘူး၊ ရွာသားတွေက မလိုချင်တဲ့အတွက် သူတို့တွေပြန်ပါစေ ငြိမ်းငြိမ်းချမ်းချမ်းပဲ လုပ်ကိုင်စားသောက်ချင်တယ် ဆုတောင်းတယ်။ အဓိက စစ်တပ်တွေ သူနေရာသူပြန်ဖို့ ကားလမ်းဖောက်မယ်ဆိုရင်က KNU ကပြောတာက မလုပ်ရဘူးဆိုပြီး ပြောထားတယ် သူတို့ လာပြီးလုပ်မယ်ဆို အမျိုးမျိုး ပြဿနာဖြစ်နိုင်တယ်။ အဲဒီအတွက် ရွာသူရွာသားတွေအတွက်လည်း မကောင်းဘူး ရွာသူရွာသားတွေက ငြိမ်းငြိမ်းချမ်းချမ်းပဲ နေချင်တယ်။ ငြိမ်းချမ်းရေးပဲ လိုချင်တယ် အဲကြောင့် ဆုတောင်းတာ"

ဒီနေ့ဆုတောင်းပွဲကို လယ်မူပလော နှင့် ခေးပူ ကျေးရွာအုပ်စုတွေက ကျေးရွာသားတွေက လိုခွေကျေးရွာမှာ ဆုတောင်းခဲ့ကြတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လဆန်းကတည်းက တပ်မတော်က စစ်စခန်းနှစ်ခုကို လမ်းဖောက်ဖို့ဆိုပြီး တပ်အင်အားတွေ တိုးချဲ့တာကြောင့် ထိတွေ့မှုတချို့ဖြစ်ခဲ့ပြီး ကျေးရွာ ၁၅ ရွာကျော်က လူ ၂၀၀၀ နီးပါးဟာ တောတွေထဲမှာ ထွက်ပြေးတိမ်းရှောင်နေရတာာဖြစ်ပါတယ်။

တပ်မတော်က  လမ်းဖောက်နေတာဟာ ဒေသခံတွေ လယ်မြေတွေ အများအပြား ပါရှိနေသလို တပ်တွေကျေးရွာနား မှာရှိရင် ရွာသားတွေမနေရဲတာကြောင့် တပ်တွေပြန်ဆုတ်ပေးဖို့ ရွာသားတွေက တောင်းဆိုကြတာဖြစ်ပါတယ်။

တောတောင်ထဲ ရှောင်တိမ်းနေကြရတာကြောင့် စားနပ်ရိက္ခာ ခက်ခဲလာသလို ကျန်းမာရေးအတွက်လည်း စိုးရိမ်ရတဲ့အခြေအနေရှိနေတယ်လို့ စောဝေလေး က ပြောပါတယ်။

ဒါ့အပြင် နေရပ်စွန့်ခွာထွက်ပြေးနေသူတွေကို မြန်မာပြည်မှာ အခြေစိုက်တဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ အစိုးရကတဆင့်ထက် ဒေသအခြေစိုက် လူထုအခြေပြု အဖွဲ့အစည်းတွေကတဆင့် လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့တွေပေးဖို့ ကြေညာချက်မှာ တောင်းဆိုထားပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်နေ့ကလည်း KNU ကရင်အမျိုးသားအစည်းအရုံးက အစိုးရတပ်မတော်ရဲ့ စစ်ကြောင်းတွေ ပြန်ရုပ်သိမ်းဖို့အတွက် ကြေညာချက် ထုတ်ပြန်ထားပါတယ်။

RFA Burmese
https://www.rfa.org/burmese
ဖာပွန်ကနေ အစိုးရတပ်တွေ အမြန်ဆုံးထွက်သွားပေးဖို့ ကရင်ငြိမ်းချမ်းရေးကွန်ရက်နဲ့ ဒေသခံတွေတောင်းဆို ဖာပွန်ကနေ အစိုးရတပ်တွေ အမြန်ဆုံးထွက်သွားပေးဖို့ ကရင်ငြိမ်းချမ်းရေးကွန်ရက်နဲ့ ဒေသခံတွေတောင်းဆို Reviewed by THITHTOOLWIN on 20:34 Rating: 5
Powered by Blogger.