သမ္မတဟောင်းရဲ့ ပိုင်ဆိုင်မှု အိတ်ပိတ်စာကို ဖွင့်ကြည့်နိုင်တယ်လို့ ဇနီးဖြစ်သူပြော

ဒေါ်စုစုလွင် ကို ၂၀၁၈ ခုနှစ် မတ်လ ၂၃ ရက်နေ့က တွေ့ရစဉ်/ Photo: Win Ko Ko Latt/RFA
နိုင်ငံတော်သမ္မတတာဝန် ထမ်းဆောင်စဉ်က ပြည်ထောင်စုလွှတ်တော်နာယကထံ ပေးပို့ထားတဲ့ ပိုင်ဆိုင်မှု အိတ်ပိတ်စာကို ဘယ်သူမဆိုဖွင့်ပြီး စစ်ဆေးနိုင်ပါတယ်လို့ မကြာသေးခင်က တာဝန်က အနားယူခဲ့တဲ့ သမ္မတဟောင်း ဦးထင်ကျော်ရဲ့ ဇနီး ဒေါ်စုစုလွင်က ပြောပါတယ်။

သုံးခွမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးလည်းဖြစ်တဲ့ ဒေါ်စုစုလွင်က ဒီနေ့ ဒုတိယ သမ္မတ ရွေးချယ်ပွဲမကျင်းပခင် သတင်းထောက်တွေက မေးမြန်းမူကို အခုလို ပြောပါတယ်။

ဒေါ်စုစုလွင်က သူတို့ရဲ့ပိုင်ဆိုင်မှုဟာ ပွင့်ပွင့်လင်းလင်းရှိတာကြောင့် ဘယ်သူမဆို ဖွင့်ကြည့်နိုင်တယ် လို့ ပြောပါတယ်။

နိုင်ငံတော်သမ္မတဟောင်း ဦးထင်ကျော်ဟာ ၂ နှစ်နီးပါး  တာဝန်ထမ်းဆောင်ပြီး သူ့ဆန္ဒအရ တာဝန်ကအနားယူဖို့  ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ဒေါ်စုစုလွင်က ပြောပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ အင်န်အယ်လ်ဒီပါတီ အနိုင်ရခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်နိုင် တဲ့အတွက် ဦးထင်ကျော်ဟာ သမ္မတတာဝန်ကို သုံးလကနေ ခြောက်လအထိသာ ထမ်းဆောင်ဖို့ သာ မျှော်မှန်းခဲ့တာလို ပြောပါတယ်။

အဲဒီအတွက် ပင်စင်လစာဆိုတာကိုလည်း မမျှော်မှန်းသလို တိုင်းပြည်က ဘာရမယ်ဆိုတာထက် တိုင်းပြည်ကို ဘာပေးဆပ်မယ်ဆိုတာကိုသာ တွေးတယ်လို့ ဒေါ်စုစုလွင်က ပြောပါတယ်။

လက်ရှိမှာ သမ္မတဟောင်း ဦးထင်ကျော်ရဲ့ ကျန်းမာရေး ကောင်းမွန်နေပြီး ကိုယ်အလေးချိန်လည်း တက်လာပါတယ်လို့ ဒေါ်စုစုလွင် ကပြောပါတယ်။

ဒါ့အပြင် မကြာခင် သမ္မတဖြစ်မယ်လို့ ပြောနေကြတဲ့ ဒုတိယသမ္မတ ဦးဝင်းမြင့်ကို ထောက်ခံဖို့ကို လည်း ပြည်သူတွေကို မေတ္တာရပ်ခံခဲ့ပါတယ်။

အမျိုးသားစာဆိုကြီး လို့ ခေါ်ဝေါ်ကြတဲ့ ဆရာကြီးမင်းသုဝဏ်ရဲ့ သားဖြစ်သူ ဦးထင်ကျော်ဟာ ဒလဘန်းအမည်နဲ့ စာပေရေးသားသူတဦးလည်းဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org/burmese
သမ္မတဟောင်းရဲ့ ပိုင်ဆိုင်မှု အိတ်ပိတ်စာကို ဖွင့်ကြည့်နိုင်တယ်လို့ ဇနီးဖြစ်သူပြော သမ္မတဟောင်းရဲ့ ပိုင်ဆိုင်မှု အိတ်ပိတ်စာကို ဖွင့်ကြည့်နိုင်တယ်လို့ ဇနီးဖြစ်သူပြော Reviewed by THITHTOOLWIN on 19:49 Rating: 5
Powered by Blogger.