ပြည်သူ့လွှတ်တော် ဥက္ကဌ ရွေးချယ်ပွဲ မနက်ဖြန် ကျင်းပမည်

ပြည်သူ့လွှတ်တော် အစည်းအဝေး ကျင်းပနေစဉ်
သမ္မတ ဦးထင်ကျော် ဟာ လက်ရှိတာဝန်ကနေ အနားယူလိုတဲ့အတွက် ဒီနေ့ မတ်လ ၂၁ ရက်နေ့စွဲ နဲ့ နုတ်ထွက် ကြောင်း နိုင်ငံတော် သမ္မတရုံးက သတင်းထုတ်ပြန်လိုက်ပြီးနောက် ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်ကလည်း တာဝန်ကနေ နုတ်ထွက်လိုက်ပါတယ်။

သမ္မတအသစ်ကို ရွေးချယ်တင်မြှောက်နိုင်ဖို့အတွက် လစ်လပ်နေတဲ့ ပြည်သူ့လွှတ်တော် ဥက္ကဌကို အရင် ရွေးချယ် ခန့်အပ်ရမှာဖြစ်တယ်လို့ ပြည်သူ့လွှတ်တော် အခွင့်အရေးကော်မတီ အတွင်းရေးမှူး ဒေါက်တာ လှမိုးက ပြောပါတယ်။

ပြည်သူ့လွှတ်တော် ဥက္ကဌ ရွေးချယ်ပွဲအခမ်းအနားကို မနက်ဖြန် ပြည်သူ့လွှတ်တော်မှာ ကျင်းပမှာဖြစ်ပြီး ပြင်ဆင်မှု တွေ ပြုလုပ်နေပါတယ်။

ပြည်သူ့လွှတ်တော် ဥက္ကဌ ရွေးချယ်ဖို့အတွက် သဘာပတိတစ်ဦးကို ပြည်သူ့လွှတ်တော်က ရွေးချယ်ပေးရမှာဖြစ်ပြီး သဘာပတိက ကတိသစ္စာပြုခြင်းနဲ့ ကတိသစ္စာပြုလွှာပေါ်မှာ လက်မှတ်ရေးထိုးရမှာဖြစ်ပါတယ်။

အဲဒီနောက် ပြည်သူ့လွှတ်တော် ဥက္ကဌကို လွှတ်တော်က ရွေးချယ်တင်မြှောက်မှာဖြစ်ပြီး လိုအပ်ရင် ပြည်သူ့ လွှတ်တော် ဒုတိယ ဥက္ကဌ ကိုပါ ရွေးချယ်တင်မြှောက်ခြင်းအစီအစဉ် ကျင်းပမယ်လို့ မနက်ဖြန် ကျင်းပမယ့် လွှတ်တော်အစီအစဉ်မှာ ပါရှိပါတယ်။

ပြည်သူ့လွှတ်တော် ဥက္ကဌအဖြစ် လက်ရှိ လွှတ်တော် ဒုတိယ ဥက္ကဌ ဦးတီခွန်မြတ်ကို ရွေးချယ်မယ်လို့ သတင်းတွေ ထွက်နေသလို အင်န်အယ်လ်ဒီပါတီ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီ ဥက္ကဌ ဦးထွန်းထွန်းဟိန်း ဖြစ်နိုင်ချေရှိတယ်လို့လည်း သတင်းတွေထွက်နေပါတယ်။

ပြည်သူ့လွှတ်တော် ဥက္ကဌ ရာထူးဟာ ဥပဒေပြုရေးမှာ အရေးပါတဲ့ နေရာတစ်ခုဖြစ်သလို အဖွဲ့ဝင် ၁၁ ဦးပါ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီမှာ အဖွဲ့ဝင်တစ်ဦးအဖြစ် ပါဝင်ရတာဖြစ်တဲ့အတွက် အရေးပါတဲ့နေရာ လည်း ဖြစ်ပါတယ်။

ဦးထင်ကျော်ဟာ တစ်စုံတစ်ရာ အကြောင်းပြချက်မရှိဘဲ တာဝန်ကနေ အနားယူလိုသည့်အတွက် နုတ်ထွက်ကြောင်း သတင်းထုတ်ပြန်ထားပေမယ့် ကျန်းမာရေးကြောင့် နုတ်ထွက်လိုက်တာလို့ နိုင်ငံရေးလေ့လာသူတွေနဲ့ အန်အယ်လ်ဒီပါတီ အသိုင်းအ၀ိုင်းက ပြောကြပါတယ်။

လတ်တလောမှာ ဒုတိယသမ္မတ ၁ ဦးမြင့်ဆွေက ယာယီသမ္မတအဖြစ် တာဝန်ထမ်းဆောင်မှာဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထောင်စုလွှတ်တော် ကျင်းပနေတဲ့ကာလဆိုရင် လစ်လပ်သွားတဲ့ သမ္မတ နေရာအတွက် ၇ ရက်အတွင်း ရွေးကောက်ခံပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အစုအဖွဲ့က ဒုတိယ သမ္မတ တစ်ဦးကို ထပ်မံရွေးချယ်တင်မြောက်ရမှာဖြစ်ပါတယ်။ လက်ရှိ ဒုတိယ သမ္မတ နှစ်ဦး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အစုအဖွဲ့က ရွေးချယ်တဲ့ ဒုတိယသမ္မတ အသစ်တစ်ဦး စုစုပေါင်း ၃ ဦးထဲကနေ ပြည်ထောင်စု လွှတ်တော်မှာ သမ္မတကို မဲပေးရွေးချယ်တင်မြှောက်မှာ ဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org/burmese
ပြည်သူ့လွှတ်တော် ဥက္ကဌ ရွေးချယ်ပွဲ မနက်ဖြန် ကျင်းပမည် ပြည်သူ့လွှတ်တော် ဥက္ကဌ ရွေးချယ်ပွဲ မနက်ဖြန် ကျင်းပမည် Reviewed by THITHTOOLWIN on 19:21 Rating: 5
Powered by Blogger.