ကမန်လူမျိုးစု ၅၅ စုကို ပြောင်းရွှေ့ခွင့်ပြုထားတဲ့ကိစ္စ ပြန်လည်သုံးသပ်ဖို့ အဆိုတင်

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့အနီးက ကျောက်တလုံး မွတ်စလင်ဒုက္ခသည်စခန်းကို တွေ့ရစဉ်/ Photo: Min Thein Aung/ RFA
ရခိုင်ပြည်နယ် ကျောက်ဖြူ၊ ပေါက်တောနဲ့ ရမ်းဗြဲမြို့နယ်တွေက ဒုက္ခသည်စခန်း ၃ ခုထဲက ကမန်လူမျိုး အိမ်ထောင်စု ၅၅ စုကို ရန်ကုန်မြို့ကို ပြောင်းရွှေ့ခွင့်ပြုခဲ့တာကို ပြန်လည်သုံးသပ်ပေးဖို့ အစိုးရထံ တိုက်တွန်းကြောင်း အဆိုကို ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးဖို့ ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။

မစ္စတာ ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ ကြားဖြတ်အစီရင်ခံစာပါ အကြံပြု ချက်တွေကို အစိုးရက အကောင်အထည်ဖော်နေတာဟာ ကွဲလွဲနေတယ်ဆိုပြီး အဆိုတင်သွင်းတဲ့ ကိုယ်စားလှယ် ဦးမောင်မြင့်က ထောက်ပြခဲ့ပါတယ်။ ကော်မရှင်ကို ခုတုံးလုပ်နေတယ်လို့ မြင်ကြောင်း ဦးမောင်မြင့် က လွှတ်တော် မှာ တင်ပြခဲ့ပါတယ်။

ဦးမောင်မြင့်က “ဇူလိုင်လ (၂) ရက်နေ့ထုတ် သတင်းစာမှာ ဖော်ပြခဲ့တဲ့ နိုင်ငံတော် အတိုင်ပင်ခံရုံး၊ သတင်းထုတ်ပြန် ရေးကော်မတီ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်ရဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း လုံခြုံရေးအခြေအနေ ထုတ်ပြန်ချက်ပါအချက်နဲ့ ပတ်သက်ပြီး ရန်ကုန်ကို ပြောင်းရွှေ့နေထိုင်ခွင့်ပြုခဲ့သည်ဆိုတဲ့ ကျောက်ဖြူ၊ ပေါက်တောနဲ့ ရမ်းဗြဲမြို့နယ်တွေက ဒုက္ခသည်စခန်း (၃) ခုက အိမ်ထောင်စု (၅၅) စုစီကို ရန်ကုန်မြို့ကို ပြောင်းရွှေ့ခွင့်ပြုခဲ့ခြင်းကို ပြန်လည်သုံးသပ်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း” အဆိုတင်သွင်း ခဲ့တာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာဖြစ်တဲ့ ကင်ဆာဆဲလ်ကို ရခိုင်မှာပဲ ကုတာကောင်းကြောင်းနဲ့ ကင်ဆာဆဲလ်တွေကို ရန်ကုန်ပို့မယ် ဆိုရင် တစ်ပြည်လုံး ပြန့်သွားမှာဖြစ်ကြောင်း တင်ပြခဲ့ပါတယ်။ ဒါ့အပြင် ရန်ကုန်ကို ပြောင်းမယ့် ကမန်မိသားစုတွေကို တစ်အိမ်ထောင်ကို ငွေကျပ် ၅သိန်း နဲ့ တစ်ယောက်ချင်းစီကို ငွေကျပ် ၁ သိန်းစီ ထောက်ပံ့တယ်လို့ သတင်းတွေ ကြားနေရပြီး အစိုးရက အဲဒီလိုထောက်ပံ့နေတာ ပွင့်လင်းမြင်သာမှုရှိဖို့လိုကြောင်း အဲဒီအိမ်ထောင်စုတွေရဲ့ ရေရှည် စားဝတ်နေရေးအတွက် ဘယ်လိုအဖွဲ့အစည်းတွေက ဆက်ထောက်ပံ့နေလဲဆိုတာ မေးခွန်းထုတ်စရာရှိကြောင်း ပြောခဲ့ပါတယ်။

အဲဒီအဆိုကို လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ မောင်သင်းက ထောက်ခံခဲ့ရာ လွှတ်တော်မှာ ဆက်လက် ဆွေးနွေးဖို့ သင့် မသင့် လွှတ်တော်ရဲ့ သဘောထားခံယူရာမှာ ကန့်ကွက်သူမရှိတာကြောင့် ဆွေးနွေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။

RFA Burmese
https://www.rfa.org/burmese
ကမန်လူမျိုးစု ၅၅ စုကို ပြောင်းရွှေ့ခွင့်ပြုထားတဲ့ကိစ္စ ပြန်လည်သုံးသပ်ဖို့ အဆိုတင် ကမန်လူမျိုးစု ၅၅ စုကို ပြောင်းရွှေ့ခွင့်ပြုထားတဲ့ကိစ္စ ပြန်လည်သုံးသပ်ဖို့ အဆိုတင် Reviewed by THITHTOOLWIN on 21:11 Rating: 5
Powered by Blogger.