ပုသိမ်မြို့ သရောင်းချောင်းသုဿန်တွင် အကျွတ်အလွတ် တရားပွဲကျင်းပ


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ သရောင်းချောင်းသုဿန်တွင် မကျွတ်မလွတ်သေးသည့် ပရလောက သားများကို ရည်ရွယ်ပြုလုပ်သည့် အကျွတ်အလွတ်တရားပွဲကို မတ်လ (၈) ရက်မှ (၁၂)ရက်အထိ (၅)ရက်ကြာ ကျင်းပလျက်ရှိကြောင်း သိရှိရသည်။

အဆိုပါတရားပွဲကို မနောဖြူလူမှုကူညီရေးအသင်းမှ ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး တရားပွဲမစခင် သုဿန်တွင်ရှိ သည့် မကျွတ်လွတ်သေးသူများ သာဓုခေါ်နိုင်အောင် နေရာသီးသန့်ပေးထားပြီး ဖိတ်ခေါ်ခြင်းများပြုလုပ်ကြောင်း သိရသည်။
“ဒီသုဿန်မှာ ခန္ဓာစွဲပြီးမကျွတ်မလွတ်ကြတဲ့ ဘုရားဟောအရ ပြိတ္တာဘုံရောက်နေတဲ့သူတွေအမျှခေါ်နိုင်အောင် ကျင်းပရတာပါ။ မနှစ်က ဒီလိုလေးလုပ်မယ်ဆိုပြီး လူမှုကွန်ယက်ကိုတင်တော့ အဘယသီဝံဆရာတော်က သြဝါ ဒပေးလို့ မနှစ်ကစလုပ်ဖြစ်တာပါ။ နောက်နှစ်တွေလည်း ကျင်းပနိုင်အောင်ကြိုးစားပါ့မယ်။” ဟု မြတ်စေတနာ လူမှုကူညီရေးအသင်းမှ အတွင်းရေးမှူး ဦးသိန်းဟန်က ပြောသည်။


အဆိုပါ တရားပွဲ ပထမရက်တွင် ပုသိမ်မြို့ခံ နှစ်ထောင်ဦးခန့် လာရောက် တရားနာခဲ့ကြပြီး မေတ္တာပို့အမျှဝေ ခြင်း ဆွေမျိုးသားချင်းများ၏ အုတ်ဂူများတွင် ဆီမီးအမွှေးတိုင်များ ထွန်းညှိဆုတောင်း မေတ္တာပို့ခြင်းများ ပြုလုပ် ခဲ့ကြကြောင်း သိရသည်။
“ဒီပွဲလေးကနေ မကျွတ်လွတ်သေးတဲ့ ၇ ရက်သားသမီးတွေ ကျွတ်လွတ်စေချင်တယ်ပေါ့နော်။ နောက်ပြီး မိဘ တွေရဲ့ကျေးဇူးကိုလည်း ဆပ်ခွင့်ရသလိုဖြစ်နေလို့ အရမ်းဝမ်းသာမိပါတယ်။ သရောင်းချောင်းဆိုတာလည်း ပုသိမ်တစ်မြို့လုံးက သူတွေသေရင်ဒီမှာပဲ သဂြိုလ်ရတာဆိုတော့ ဆွေမျိုးတွေ အပေါင်းအသင်းတွေ အသိမိတ် ဆွေတွေ မကောင်းတဲ့ဘုံဘဝရောက်နေရင် ဆိုတဲ့အသိနဲ့ တရားပွဲကိုလာတာပါ။” ဟု တရားပွဲလာရောက်သည့် ပုသိမ်မြို့ကင်မလင်းကျွန်းရပ်ကွက်မှ ဒေါ်သန်းသန်းဝင်းက ပြောသည်။

ပုသိမ်မြို့တွင် အကျွတ်အလွတ်သုဿာန်တရားပွဲ ကျင်းပခြင်းသည် လက်ရှိအကြိမ်သည် ဒုတိယအကြိမ်ဖြစ်ပြီး ၂၀၁၇ ခုနှစ်က သရောင်းချောင်းသုဿန်တွင် (၃) ရက်ကျင်းပခဲ့ကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
ပုသိမ်မြို့ သရောင်းချောင်းသုဿန်တွင် အကျွတ်အလွတ် တရားပွဲကျင်းပ ပုသိမ်မြို့ သရောင်းချောင်းသုဿန်တွင် အကျွတ်အလွတ် တရားပွဲကျင်းပ Reviewed by THITHTOOLWIN on 15:04 Rating: 5
Powered by Blogger.