တက္ကသိုလ်ဝင် စာမေးပွဲ၌ မသမာမှုပြုလုပ်ပါက စာဖြေခွင့် (၂)နှစ် ပယ်ဖျက်မည်


(၂၀၁၇-၂၀၁၈) တက္ကသိုလ်ဝင်စာမေးမှာ ၀င်ရောက်ပွဲဖြေဆိုမယ့် ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ စာမေးပွဲမှာ လိုက်နာရမယ့် စည်းကမ်းဖောက်ဖျက်တာတွေနဲ့ မသမာမှုပြုလုပ်ပါက စာမေးပွဲဖြေဆိုခွင့်(၂)နှစ်ပယ်ဖျက်တဲ့ အပြစ်ဒဏ် ချမှတ်သွားမယ်လို့ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမိုးမြင့်ကျော်ကပြောပါတယ်။ စာမေးပွဲဖြေဆိုချိန်မှာ ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ မသမာမှု မပြုလုပ်စေဖို့ တက္ကသိုလ်ဝင်စာမေး ပွဲဖြေဆိုသူတွေ လိုက်နာရမယ့် စည်းကမ်းချက်တွေကို တစ်ဦးချင်း လက်ဝယ်ဖြန့်ဝေတာတွေ ပြုလုပ်ပေးထားတယ်လို့ သိရပါတယ်။

စာမေးပွဲဖြေဆိုတဲ့ ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ စာမေးပွဲဖြေဆိုချိန်မှာ သတ်မှတ်ထားတဲ့စည်းကမ်းတွေကို ဖောက်ဖျက်တဲ့အပေါ်မူတည်ကာ အနည်းဆုံးစာဖြေခွင့်(၂)နှစ်ကနေ နှစ်အကန့်သတ်မရှိ ပယ်ဖျက်သွားမယ်လို့ ဦးမိုးမြင့်ကျော်က ပြောပါတယ်။ စာမေးပွဲမှာမသမာမှုပြုတဲ့ ကျောင်းသား၊ ကျောင်းသူတွေ တစ်နှစ်ထက်တစ်နှစ်လျော့နည်းစေဖို့ အခုလို စာမေးပွဲဖြေဆိုသူတွေ လိုက်နာရမယ့် စည်းကမ်းချက်တွေ ဖြန့်ဝေပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အရင်နှစ်တွေက စာမေးပွဲဖြေဆိုသူတွေ လိုက်နာရမယ့် စည်းကမ်းချက်တွေကို ကြီးကြပ်ရေးမှူးတွေက စာမဖြေခင်မှာ ဖတ်ပြတာ မျိုးတွေသာ ရှိခဲ့ပေမယ့် အခုပညာသင်နှစ်ကစပြီး စာမေးပွဲစည်းကမ်းချက်တွေကို ကြိုတင်သိရှိနိုင်ဖို့ စာမေးပွဲဖြေဆိုခွင့်ကတ်တွေထုတ်ပေးချိန်မှာ တစ်ပါတည်းထုတ်ပေးခဲ့တာဖြစ်တယ်လို့ ဦးမိုးမြင့်ကျော်က ပြောပါတယ်။

(၂၀၁၇-၂၀၁၈) ပညာသင်နှစ်မှာ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ နိုင်ငံခြား စာစစ်ဌာန (၂၁)ခု အပါအ၀င် စာစစ်ဌာနပေါင်း (၁၇၄၀)ကျော်ရှိပြီး စာစစ်ဌာနတစ်ခုစီမှာ ကြီးကြပ်ရေးမှူး(၁)ဦးစီ၊ လက်ထောက်ကြီးကြပ်ရေးမှူး(၁)ဦးစီရှိကာ ကျောင်းသား(၈)ရာနဲ့အထက်ရှိတဲ့ စာစစ်ဌာနတွေမှာ တွဲဖက်ကြီးကြပ်ရေးမှူး(၁)ဦးစီ ထပ်မံဖြည့်တင်းပေးထားတယ်လို့ သိရပါတယ်။

(၂၀၁၇-၂၀၁၈) တက္ကသိုလ်ဝင်စာမေးပွဲကို မတ် (၇)ရက်ကနေ (၁၆)ရက်အထိ ပြုလုပ်သွားမှာဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဖြေဆိုမယ့်ကျောင်းသား၊ ကျောင်းသူ (၈)သိန်း (၄)သောင်းကျော် ရှိတယ်လို့ သိရပါတယ်။ ဒီသတင်းကို Central News Bureau က ကျော်နိုင်ထွန်းပေးပို့တာ ဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb
တက္ကသိုလ်ဝင် စာမေးပွဲ၌ မသမာမှုပြုလုပ်ပါက စာဖြေခွင့် (၂)နှစ် ပယ်ဖျက်မည် တက္ကသိုလ်ဝင် စာမေးပွဲ၌ မသမာမှုပြုလုပ်ပါက စာဖြေခွင့် (၂)နှစ် ပယ်ဖျက်မည် Reviewed by THITHTOOLWIN on 10:15 Rating: 5
Powered by Blogger.