ပုံတောင်ဂျီးယားမျိုးစုပရိုင်းမိတ်၏ ကျောက်ဖြစ်ရုပ်ကြွင်း တွေ့ရှိ

မြိုင်မြို့နယ် ကြာကန်ကျစ်ချောင်နှင့် သန်းဥတောကျစ်ချောင်မှ ပုံတောင်ဂျီးယားမျိုးစုပရိုင်းမိတ်၏ ကျောက်ဖြစ်ရုပ်ကြွင်း တွေ့ရှိ
နေပြည်တော် မတ် ၉

ပုံတောင်ဂျီးယားမျိုးစုပရိုင်းမိတ်၏ ကျောက်ဖြစ်ရုပ်ကြွင်းကို မကွေးတိုင်း ဒေသကြီး မြိုင်မြို့နယ် ပေါက်ခေါင်းကျေးရွာအနီး ကြာကန်ကျစ်ချောင်နှင့် သန်းဥတောကျစ်ချောင်တို့မှ ပထမဆုံးအကြိမ် တွေ့ရှိခဲ့ကြောင်း သိရသည်။

ပြင်သစ်နိုင်ငံ Poitier University မှ ပါမောက္ခJean-Jacques Jaegerဦးဆောင်သောပညာရှင်အဖွဲ့နှင့် မြန်မာနိုင်ငံသာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနနှင့် ပညာရေးဝန်ကြီးဌာနမှ ပညာရှင်များပူးပေါင်း၍ ကျောက်ဖြစ်ရုပ်ကြွင်းသုတေသန လုပ်ငန်းများကို ဖေဖော်ဝါရီ ၈ ရက်မှ ၂၈ ရက် အထိ ပူးပေါင်းဆောင်ရွက် ခဲ့ခြင်းဖြစ်သည်။

အဆိုပါအဖွဲ့သည် ဖေဖော်ဝါရီ ၁၅ ရက်တွင် မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ် ပေါက်ခေါင်းကျေးရွာအနီး ကြာကန်ကျစ်ချောင်၌ ပုံတောင်ဂျီးယား ပရိုင်းမိတ်၏ အံသွား အမှတ်(၁)နှင့် (၂)ပါရှိသော ဘယ်ဘက်အောက်မေးရိုးပါ သွားနှစ်ချောင်းကို လည်းကောင်း၊ ဖေဖော်ဝါရီ ၁၈ ရက်တွင် ယာရှည်ကျစ်ချောင်မှ ပုံတောင်ဂျီးယားညာဘက်အောက်မေးရိုးပါ သွားနှစ်ချောင်းနှင့် သွားအလွတ် အသေးတစ်ချောင်းကို လည်းကောင်း တွေ့ခဲ့ခြင်းဖြစ်သည်။

ကျောက်ဖြစ်ရုပ်ကြွင်းသုတေသနလုပ်ငန်းများကို ဆက်လက်ဆောင်ရွက် ခဲ့ရာတွင် ဖေဖော်ဝါရီ ၂၂ ရက်တွင် သန်းဥတောကျစ်ချောင်မှ ပုံတောင်ဂျီးယား၏ ဘယ်ဘက်မေးရိုးပါ အံကြိုသွားအမှတ်(၃)နှင့် အံသွားအမှတ်(၃)ပါ တစ်ချောင်းကို လည်းကောင်း၊ ယာရှည်ကျစ်ချောင်မှ ပုံတောင်ဂျီးယား၏ ညာဘက်ပိုင်း အံသွားအမှတ်(၁)နှင့် အမှတ်(၃)ပါသွားတစ်ချောင်း၊ အကြီးသွားအလွတ် နှစ်ချောင်းကို လည်းကောင်း၊ ပေါက်ခေါင်းကျစ်ချောင် အမှတ်(၂) မြေသားရေး ဆေးဆန်ခါချရာမှ ပုံတောင်ဂျီးယား၏ ညာဘက်မေးရိုးပါ အံသွားအမှတ်(၁)နှင့် အမှတ်(၃)ပါ တစ်ချောင်းတို့ကို လည်းကောင်း တွေ့ရှိခဲ့သည်။ ထိုသို့ တွေ့ရှိ ရသော ပုံတောင်ဂျီးယားမျိုးစု၏အံသွားမှာ ယခင်တွေ့ရှိခဲ့ဖူးသော ပုံတောင် ဂျီးယားမျိုးစု၏ အံသွားကဲ့သို့ ကြွေလွှာများတွန့်ခေါက်မှုနည်းပါးကာ ချောမွတ်နေ သည်ကို တွေ့ရှိရပြီး အရွယ်အစားမှာလည်း အနည်းငယ်သေးငယ်နေသည်ကို တွေ့ရှိရကြောင်း၊ ပုံတောင်ဂျီးယားမျိုးစုပရိုင်းမိတ်၏ ကျောက်ဖြစ်ရုပ်ကြွင်းကို ကြာကန်ကျစ်ချောင်နှင့် သန်းဥတောကျစ်ချောင်မှ ယခုနှစ်တွင် ပထမဆုံး တွေ့ရှိ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

The Mirror Daily
https://www.facebook.com/TheMirrorDaily/
ပုံတောင်ဂျီးယားမျိုးစုပရိုင်းမိတ်၏ ကျောက်ဖြစ်ရုပ်ကြွင်း တွေ့ရှိ ပုံတောင်ဂျီးယားမျိုးစုပရိုင်းမိတ်၏ ကျောက်ဖြစ်ရုပ်ကြွင်း တွေ့ရှိ Reviewed by THITHTOOLWIN on 12:05 Rating: 5
Powered by Blogger.