ရုရှားသမ္မတရွေးကောက်ပွဲ ခန့်မှန်းထားတဲ့အတိုင်း ပူတင်အနိုင်ရ


ရုရှား မဲဆန္ဒရှင်တွေက Vladimir Putin ကို ထူးထူးကဲကဲ ထောက်ခံမှုနဲ့ မှန်းထားတဲ့ အတိုင်းပဲ အနိုင်ပေးလိုက်ပါပြီ။ မဲဆန္ဒနယ် အားလုံးက မဲအားလုံးနီးပါး ရေတွက်ပြီးစီးချိန်မှာဘဲ Vladimir Putin က ထောက်ခံမဲ ၇၆ ရာခိုင်နှုန်းကျော် ရရှိပြီး ရုရှား ခေါင်းဆောင် အဖြစ် ရာထူး သက်တမ်း ၆ နှစ်ကို ထမ်းဆောင်ဖို့ အဆင်သင့် ဖြစ်နေပါပြီ။ ရုရှားနိုင်ငံရဲ့ ခေါင်းဆောင်မှု ရာထူးကို Vladimir Putin ၁၈ နှစ်ကြာ ထမ်းဆောင်ပြီးလည်း ဖြစ်ပါတယ်။

လူထုစစ်တမ်းတွေမှာလည်း Vladimir Putin က ပြိုင်ဘက်တွေထက် ထောက်ခံမဲ အပြတ်အသတ် ရရှိထားတာပါ။ မနေ့ တနင်္ဂနွေနေ့မှာတော့ ရုရှားသမ္မတ နန်းတော် Kremlin အနီးက Manezhnaya ရင်ပြင်မှာ ထောင်နဲ့ချီတဲ့ ပြည်သူတွေကို သမ္မတ Putin မိန့်ခွန်းပြောတာမှာတော့ သူ့ကို ထောက်ခံသူတွေကို ဂုဏ်ပြု ပြောဆိုခဲ့ပါတယ်။

နောက်ထပ် သမ္မတ သက်တမ်းကို ထပ်ပြီး ရွေးကောက်ခံဦးမလားလို့ မေးရာမှာတော့ အသက် ၆၅ နှစ် အရွယ် ရုရှား ခေါင်းဆောင်က ဒီကိစ္စက မဖြစ်နိုင်ကြောင်း၊ သူ့အနေနဲ့ အသက် ၁၀၀ မပြည့်ခင်အထိ ဒီရာထူး ရယူထားမယ်လို့ ထင်သလားလို့ ပြတ်ပြတ် ပြောခဲ့ပါတယ်။ သမ္မတ ပူတင်နဲ့ ပြိုင်ဘက် ၇ ယောက် ရှိခဲ့ပေမယ့် တကယ်တန်း ထိထိရောက်ရောက် ယှဉ်ပြိုင်နိုင်သူကတော့ မရှိခဲ့ပါဘူး။

သမ္မတ ပူတင်ရဲ့ တကယ့်ပြိုင်ဘက်ကတော့ အတိုက်အခံ ခေါင်းဆောင် Alexei Navalny ဖြစ်ပြီး သူကတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလက ဆိုင်းငံ့ ပြစ်ဒဏ်ကြောင့် ရွေးကောက်ပွဲ ၀င်ရောက် ယှဉ်ပြိုင်ခွင့် မရခဲ့ပါဘူး။ ဆိုင်းငံ့ ထောင်ဒဏ် ၅ နှစ် ချမှတ်ခံရတဲ့ အတိုက်အခံ ခေါင်းဆောင် Navalny ကတော့ သူ့ကို ရွေးကောက်ပွဲ ၀င်ခွင့်မရရေး အတွက် နိုင်ငံရေး ပရောဂနဲ့ စီရင်ချက် ချခဲ့တာလို့ ပြောဆိုနေတာပါ။ Vladimir Putin က သမ္မတ တလှည့် ၀န်ကြီးချုပ် အဖြစ် တလှည့်နဲ့ ၁၉၉၉ ခုနှစ် ကတည်းက အာဏာ ရယူထားတာပါ။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
ရုရှားသမ္မတရွေးကောက်ပွဲ ခန့်မှန်းထားတဲ့အတိုင်း ပူတင်အနိုင်ရ ရုရှားသမ္မတရွေးကောက်ပွဲ ခန့်မှန်းထားတဲ့အတိုင်း ပူတင်အနိုင်ရ Reviewed by THITHTOOLWIN on 20:29 Rating: 5
Powered by Blogger.