စပါးပေါက်ဈေး ကြမ်းခင်းဈေးထက်နည်းရင် အသင်းချုပ်ကဝယ်မယ်

စပါးပေါက်ဈေး ကြမ်းခင်းဈေးထက်နည်းရင် အသင်းချုပ်ကဝယ်မယ်
မြန်မာနိုင်ငံမှာ စပါးတင်း တရာကို အနိမ့်ဆုံး ကြမ်းခင်းဈေး ၅သိန်းနဲ့ ကုန်သည်တွေ ရောင်းဝယ်ကြဖို့ မတ်လ ၆ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ မြန်မာ့ လယ်ယာကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး နှီးနှောဖလှယ်ပွဲမှာ အစိုးရက သတ်မှတ် ထုတ်ပြန်လိုက်ပါတယ်။

အဲဒီလို အစိုးရက သတ်မှတ် လိုက်တဲ့ အတိုင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်ကလည်း သဘောတူခဲ့ပါတယ်။

ဒီသတ်မှတ်ဈေးဟာ အခြေခံဈေးနှုန်းဖြစ်ပြီ လက်ရှိမှာ အခြေခံဈေးနှုန်းက ပေါက်ဈေးထက် နိမ့်နေတာဖြစ်ပါတယ်။

ပေါက်ဈေးက အခြေခံဈေးနှုန်းထက်မြင့်ရင် မြင့်တဲ့ အတိုင်းရောင်းချ ဝယ်ယူရမှာ ဖြစ်ပြီး၊ ပေါက်ဈေးက ဒီအခြေခံ ဈေးနှုန်းထက် နိမ့်ကျသွားရင် ဆန်စပါးအသင်းချုပ်က ဒီဈေးနဲ့ ဝယ်ယူပေးမယ်ဆိုပြီး အာမခံချက်ပေးလိုက်တဲ့ သဘောလို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဌ ဦးချစ်ခိုင်က ပြောပါတယ်။

ဒီလို အခြေအနေရောက်လာရင် အသင်းချုပ်က ဝယ်ယူပေးနိုင်ဖို့ အရင်အရန်ဆန် ဝယ်ယူစဉ်က ကြုံခဲ့ရတဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ အခုကတည်းက သက်ဆိုင်ရာမြို့နယ်တွေမှာ ကိုယ်စားလည်ထားတာ၊ ဆန်စက်ကိုယ်စားလည်တွေ ထားတာမျိုးတွေနဲ့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

လောလောဆယ်မှာ ပြည်ပရဲ့ ဈေးကွက်အနေအထား၊ နယ်စပ်ဒေသ ဈေးကွက်အနေအထား တွေက စပါးဈေးကျသွားစရာ အကြောင်းမရှိဘူးလို့ ဆိုပါတယ်။

အခုလို အခြေခံဈေးသတ်မှတ်တာက အရင်က တင်းတရာကို ၃ သိန်း ၃သိန်းခွဲ ရောက်ခဲ့တာ ကြုံခဲ့ရတဲ့ တောင်သူလယ်သမားတွေ အတွက် အတိုင်းအတာတခုအထိ အထောက်အကူ ဖြစ်အောင် နိုင်ငံတော်က အာမခံချက်ပေးတဲ့ အနေအထား ဖြစ်တယ်လို့ ဦးချစ်ခိုင်က ပြောပါတယ်။

လောလောဆယ် တရုတ်နိုင်ငံဘက်ကို စပါးတရားမဝင် သယ်ပို့ရောင်းချနေတာတွေဟာ အတိုင်းအတာ ပမာဏကို မခန့်မှန်းနိုင်တာကြောင့် စိုးရိမ်စရာဖြစ်တဲ့အတွက် ဒါကို အစိုးရအနေနဲ့ ကြပ်မတ်ပေးဖို့ လိုတယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဌ ဦးချစ်ခိုင်က ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese
စပါးပေါက်ဈေး ကြမ်းခင်းဈေးထက်နည်းရင် အသင်းချုပ်ကဝယ်မယ် စပါးပေါက်ဈေး ကြမ်းခင်းဈေးထက်နည်းရင် အသင်းချုပ်ကဝယ်မယ် Reviewed by THITHTOOLWIN on 11:30 Rating: 5
Powered by Blogger.