အလုပ်ရှင်၊ အလုပ်သမား ပဋိပက္ခတွင် အလုပ်သမားများ အပေါ် အင်အားသုံးပြီး ဖြေရှင်းပေးရန် အလုပ်ရှင်များက တောင်းဆိုမှုများရှိခဲ့သည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်ပြော

SOURCE AND PHOTO – YRG
ရန်ကုန်၊ မတ် ၇ ။

(အလုပ်ရှင်ဘက်က အလုပ်သမားဆန္ဒပြနေရင် ငါတို့ဘက်ကနေပြီး အစိုးရက ရဲနဲ့ဝင်မရိုက်ပေးနိုင်ဘူးလားဆိုပြီး မျှော်လင့်ချက်မျိုးနဲ့တော့ အစိုးရဆီကနေ မတောင်းဆိုသင့်ဘူးလို့ ကျွန်တော် ပြောပါရစေ။ ဒါလေးတစ်ချက်ပဲ ဒီနေရာမှာ ရှင်းရှင်းလင်းလင်း ပြောတာပါ။…၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်)

အလုပ်ရှင်၊ အလုပ်သမား ပဋိပက္ခတွင် အစိုးရက ၄င်းတို့ဘက်မှနေ၍ အလုပ်သမားများကို အင်အားသုံးပြီး ဖြေရှင်းပေးရန် အလုပ်ရှင်များက တောင်းဆိုမှုများရှိခဲ့သည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ယနေ့၊ မတ်လ ၇ ရက်တွင်ပြောသည်။

ယနေ့၊ မတ်လ ၇ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့ UMFCCI ခန်း မတွင်ပြုလုပ်သည့် (၁၅)ကြိမ်မြောက် ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်ဒုတိယသမ္မတ(၁)နှင့် ပုဂ္ဂလိကကဏ္ဍ ကိုယ်စားလှယ်များ ပုံမှန်တွေ့ဆုံဆွေးနွေးပွဲ၌ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

" ကျွန်တော့်အနေနဲ့ ဒီဆွေးနွေးမယ့်အထဲမှာ ပါနေတဲ့ အပိုင်းထဲကနေ အလုပ်သမားကိစ္စလေး အနည်းငယ်ပြောပါရစေ။ ရန်ကုန်မှာအလုပ်သမားတွေ တောင်းဆိုဆန္ဒပြမှုတွေ ရှိပါတယ်။ အလုပ်သမားသမဂ္ဂတွေ ပါဝင်ပတ်သက်နေမှုလည်း ရှိပါတယ်။ အလုပ်ရှင်အစုအဖွဲ့တွေဘက်ကနေ ဖြေရှင်းဆောင်ရွက်ပေးတဲ့ အခြေအနေတွေ ရှိဘူးတယ်။ ဒီအခြေအနေတွေပေါ်မှာ ပွင့်ပွင့်လင်းလင်းပြောမယ်ဆိုရင် ကျွန်တော်တို့ တာဝန်ယူခဲ့တဲ့ (၂) နှစ်တာကာလအတွင်းမှာ အင်အားသုံးဖြိုခွင်းခဲ့တယ်ဆိုတဲ့ အခြေအနေမျိုး လုံးဝမရှိခဲ့ပါဘူး။ ပြဿနာရပ်တိုင်းဟာ ပြေလည်မှုရောက်သည်အထိ ကျွန်တော်တို့ ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ ဒီနေရာမှာ အလုပ်ရှင်တွေဘက်က အစိုးရကို အင်အားသုံးပြီး ဖြေရှင်းပေးပါလို့ တောင်းဆိုမှုမျိုးတွေ ရှိပါတယ်။ ဥပဒေချိုးဖောက်မှုဆိုရင် အရေးယူပါမယ်။ အင်အားသုံးတာနဲ့ ဥပဒေနဲ့အညီ အရေးယူတာနဲ့ မတူဘူးလို့ ဒီနေရာမှာပြောပါရစေ။ ဘာကြောင့်လဲဆိုတော့ အလုပ်ရှင်ဘက်က အလုပ်သမားဆန္ဒပြနေရင် ငါတို့ဘက်ကနေပြီး အစိုးရက ရဲနဲ့ဝင်မရိုက်ပေးနိုင်ဘူးလားဆိုပြီး မျှော်လင့်ချက်မျိုးနဲ့တော့ အစိုးရဆီကနေ မတောင်းဆိုသင့်ဘူးလို့ ကျွန်တော် ပြောပါရစေ။ ဒါလေးတစ်ချက်ပဲ ဒီနေရာမှာ ရှင်းရှင်းလင်းလင်း ပြောတာပါ။ ဒါဆိုရင်အလုပ်ရှင်ဘက်ကနေ မကာကွယ်ပေးနိုင်ဘူးလားဆိုတော့ ကျွန်တော်တို့ ကာကွယ်ပေးရမှာပါ။ ကျွန်တော်တို့ရဲ့ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ လာဖို့ဆိုတဲ့နေရာမှာ ကျွန်တော်တို့ဆီမှာ အလုပ်သမားနဲ့ အလုပ်ရှင်ကြား ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခု ရှိမှဖြစ်ပါလမ့်မယ် “ ဟု ၀န်ကြီးချုပ်က ပြောသည်။

နွယ်နီ
The Asia Heart News
အလုပ်ရှင်၊ အလုပ်သမား ပဋိပက္ခတွင် အလုပ်သမားများ အပေါ် အင်အားသုံးပြီး ဖြေရှင်းပေးရန် အလုပ်ရှင်များက တောင်းဆိုမှုများရှိခဲ့သည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်ပြော အလုပ်ရှင်၊ အလုပ်သမား ပဋိပက္ခတွင် အလုပ်သမားများ အပေါ် အင်အားသုံးပြီး ဖြေရှင်းပေးရန် အလုပ်ရှင်များက တောင်းဆိုမှုများရှိခဲ့သည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်ပြော Reviewed by THITHTOOLWIN on 21:47 Rating: 5
Powered by Blogger.